စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာရှိ အရပ်သားပြည်သူများအား အကြမ်းဖက်မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

"စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာရှိ အရပ်သားပြည်သူများအား အကြမ်းဖက်မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဥ်နှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက် "

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ကနန်ကျေးရွာ အား အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ခဲ့ပါသည်။ တနင်္ဂနွေ ဘုရားကျောင်းဝတ်ပြုပွဲ ရှိသည့်အချိန်တွင် အရပ်သားပြည်သူများ စည်ကားနေသည့် ရပ်ရွာအပေါ်သို့ ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရခဲ့ကြသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ယခုကြေညာချက်ထုတ်ပြန်သည့်အချိန်အထိ အတည်ပြုထားနိုင်သည်မှာ အသက် ၅ နှစ်မှ ၁၇ နှစ်ကြား ကလေးသူငယ်သေဆုံးသူဦးရေ (၉) ဦး အပါအဝင် စုစုပေါင်းသေဆုံးသူ (၁၇) ဦးနှင့် ဒဏ်ရာရရှိသူစုစုပေါင်း (၁၉) ဦး ရှိသည်ဟု သိရှိထားရပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယုံကြည်စိတ်ချရသော သတင်းများအပေါ်အခြေခံ၍ ၃၁ ဒီဇင်ဘာ ၂၀၂၃ အထိ ရရှိထားသော အထောက်အထားများနှင့် စာရင်းများအရ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းယူရန် ကြိုးစားခဲ့သည့်နေ့မှစ၍ ကျူးလွန်လျက်ရှိသော အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အသက် ၁၈ နှစ်အောက်ကလေးသူငယ် (၆၂၇) ဦး၊ အမျိုးသမီး (၁၀၁၇) ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ လေကြောင်းအသုံးပြု၍ အပြစ်မဲ့ပြည်သူများရှိရာ ရပ်ရွာများအား တိုက်ခိုက်မှုပေါင်း (၅၈၃) ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူအရပ်သား (၈၉၇) ဦး၊ ဘာသာရေးအဆောက်အဦးပေါင်း (၇၆) ခုနှင့် စာသင်ကျောင်းပေါင်း (၅၂) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးမျက်နှာစာအားလုံးတွင် ပိုမိုရှုံးနိမ့်လာသည်နှင့်အမျှ အရပ်သားပြည်သူများအား လေကြောင်းမှ ဖျက်အားပြင်းဗုံးများအသုံးပြုပြီး ပိုမိုတိုးမြှင့် အကြမ်းဖက်သတ်ဖြတ်လာကြောင်း သက်သေအထောက်အထား အများအပြားရရှိလျက်ရှိပါသည်။ 

အကြမ်းဖက်စစ်တပ်သည် အာဆီယံအဖွဲ့၏ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက် (5 Points Consensus)၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှု မရှိသည့်အပြင် ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရစေခြင်းနှင့် ရပ်ရွာ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေများ၊ စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာလူ့အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ်၊ ရောမဥပဒေသတို့ကို ချိုးဖောက်နေခြင်းဖြစ်သည်။ ထိုပြစ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်နေသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းထားပြီး ဖြစ်သည်။

အဆိုပါကျူးလွန်မှုများတွင်ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက် ပြုသူနှင့် တာဝန်ရှိသူအဆင့်ဆင့်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်း တရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချနိုင်ရေး အားထုတ်ဆောင်ရွက်သွားမည် ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ (UN Security Council Resolution 2669) နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်တပ်အပေါ်  ပိုမိုထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများနှင့် လေယာဥ်ဆီ အပါအဝင် လက်နက်ခဲယမ်း တင်ပို့ရောင်းချခြင်းကို ပိတ်ဆို့မှုတို့ ပါဝင်သော ဆုံးဖြတ်ချက်အသစ်နှင့် ထိရောက်သောအရေးယူဆောင်ရွက်မှုများ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရန် လိုအပ်သည်။ ကျူးလွန်မှုများအတွက် အကြမ်းဖက်စစ်တပ် တာဝန်ခံမှုရှိစေမည့် နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် တစ်နိုင်ငံချင်း တရားစွဲဆို အရေးယူနိုင်ရေး ကြိုးပမ်းမှုများတွင်လည်း ပါဝင်အားထုတ်လုပ်ဆောင်ကြရန် တောင်းဆိုလိုက်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ