“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org

၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်

“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”

နိဒါန်း

၁။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့သည် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေး အဖွဲ့အစည်းများက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး မဲပေးပိုင်ခွင့် ရှိသူဦးရေ၏ ၇၅.၉၆ ရာခိုင်နှုန်းမဲပေးခဲ့ကြသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံကာ ပေါ်ပေါက်လာခဲ့သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၂၀၂၀ ရွေးကောက်ပွဲမှရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကိုကိုယ်စားပြုသည့် နိုင်ငံရေးအင်အားစုများနှင့် အခြားနည်းလမ်းများဖြင့် ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကိုကိုယ်စားပြုသော နိုင်ငံရေးအင်အားစု များ၏ တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ သဘောတူညီမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်မှာ (၂) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အဆိုပါ (၂) နှစ်တာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုက ပေးအပ်ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရတစ်ရပ်အဖြစ် တာဝန်များကို တော်လှန်ရေးအင်အားစု များအားလုံးနှင့် လက်တွဲကာ ဦးလည်မသုန် ကြိုးစားထမ်းရွက်လျက်ရှိကြောင်း ပြည်သူလူထုထံသို့ အစီရင်ခံ တင်ပြအပ်ပါသည်။ 

နိုင်ငံတကာဆက်ဆံရေး

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၂) နှစ်တာအစိုးရသက်တမ်းတွင် နိုင်ငံခြားရေး၀န်ကြီးဌာနသည် အာဆီယံ, EU အပါအ၀င် နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို နိုင်ငံတကာကသိရှိစေရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိရေး၊ အမျိုးသားညီညွတ်ရေး အစိုးရအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး၊ အကြမ်းဖက်စစ်အုပ်စုနှင့် ၄င်းတို့၏ဆက်စပ် မိသားစုဝင်များအား စီးပွားရေးအရပိတ်ဆို့ အရေးယူနိုင်ရေး၊ နိုင်ငံတကာခုံရုံးတွင် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ရေး တို့အတွက် တောင်းဆို မှုများ၊ ဆွေးနွေးမှုများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးများ၊ လွှတ်တော်ကော်မတီ ဥက္ကဌများ၊ လွှတ်တော်အမတ်များ၊ US သမ္မတဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး တို့နှင့်ပါ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ယူကေနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံစတဲ့ နိုင်ငံပေါင်း (၈) နိုင်ငံတွင် ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်နိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရသော မြန်မာ နိုင်ငံသားများအရေးနှင့် ရွှေ့ပြောင်းပြည်သူများ၊ ပြည်ပတွင် အခက်အခဲကြုံနေရသော ပြည်သူများကို အကာအကွယ်ပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စု အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပေဒ ၂၀၂၃ တွင် The Burma Act of 2022 ကို ပေါင်းစပ်ထည့်သွင်းနိုင်ရန် ကြိုးပမ်းခြင်းနှင့် နိုင်ငံပေါင်း (၇) နိုင်ငံရှိ လွှတ်တော်များနှင့် ချိတ်ဆက်ဆောင်ရွက် ခြင်းများကို ပြုလုပ်ခဲ့ပါသည်။  ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်က ထုတ်ပြန်ထားခဲ့သည့် “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူ၀ါဒသဘောထား” နှင့်အညီ ရိုဟင်ဂျာပြည်သူများ မိမိတို့နေရပ်သို့ မိမိတို့ကိုယ်ပိုင်ဆန္ဒသဘောဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည်အခြေချ နေထိုင်ရေးနှင့် ဥပဒေအရ တန်းတူအခွင့်အရေးရနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိပါသည်။ 

စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများအတွက် ဤတော်လှန်ရေး ကာလအလွန်တွင် တရားမျှတ မှုရရှိရေးအတွက် ၎င်းတို့ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် မျိုးနွယ်စုအလိုက် သတ်ဖြတ်မှုများကို စနစ်တကျ မှတ်တမ်းကောက်ယူ၊ ပြုစုသိမ်းဆည်းပြီး သက်သေခိုင်လုံသော (၁၇၁) မှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ထံသို့ပေးပို့ပေးပြီး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အကြား တရားရင်ဆိုင်နေဆဲအမှုဖြစ်သော ရိုဟင်ဂျာပြည်သူများ             အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ကနဦးကန့်ကွက်ခဲ့မှုအားလုံးကို ပြန်လည်ရုတ်သိမ်းကြောင်း ဖေဖော်ဝါရီလ (၁) ရက် ၂၀၂၂ တွင် ပေးပို့အကြောင်းကြားခဲ့ပါသည်။ ကျွမ်းကျင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံ၏တရားစီရင်ရေးဆိုင်ရာယန္တရား (universal jurisdiction) ကိုအသုံးပြုကာ စစ်ကောင်စီအား ဂျာမနီ၊ အာဂျင်တီးနားနှင့် တူရကီတို့တွင် တရားစွဲဆိုထားပြီး အခြားနိုင်ငံများတွင်လည်း ဆက်လက်စွဲဆိုနိုင်ရန် ကြိုးပမ်းနေသည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) တွင်လည်း စစ်ကောင်စီအား အမှုတင်သွင်း အရေးယူနိုင်ရန် ရောမသဘောတူစာချုပ် (Rome Statute) ၏ ပုဒ်မ ၁၂(၃) နှင့် အညီတရားစီရင်မှုကိုလက်ခံကြောင်း ဇူလိုင်လ (၁၇) ရက် ၂၀၂၁ တွင်တင်သွင်းခဲ့ကာ အမှန်တရားနဲ့တရားမျှတမှုကိုရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။

စစ်ရေးနှင့် ပြည်သူ့ရင်ခွင်ခိုလှုံမှုအခြေအနေ

၃။ တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀) ကျော် ၊  ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း(၂၅၀)ကျော်တွင် စနစ်တကျဖွဲ့စည်းတည်ထောင်ထား ပြီး လူအင်အား (Man Power) အရ မိမိတို့၏တိုက်ခိုက်ရေးအင်အားသည် ရန်သူ့ထက် “သာလွန် အင်အား” ဖြစ်အောင် ဤအချိန် (၂) နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့သည်။

မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee - C3C) ၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Coordination Committee - J2C) တို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိသည်။ အစိုးရသက်တမ်း (၂) နှစ်တာ ကာလအတွင်း မဟာမိတ် ERO များနှင့် ခုခံတော်လှန်စစ် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် စနစ်ကျသော ထိန်းချုပ်ကွပ်ကဲမှု စနစ်တစ်ခုအောက်တွင် စစ်ဆင်ရေးနယ်မြေအလိုက် Chain of Command  တည်ဆောက် ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုတရပ်လုံး၏ လှူဒါန်းကူညီမှု၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မှုတို့ကြောင့် PDF တပ်မတော်အတွက် လက်နက်တပ်ဆင်မှုကို အတိုင်းအတာတစ်ခုအထိ တပ်ဆင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်ခြင်းကဏ္ဍ သည်လည်း များစွာအောင်မြင် ပေါက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ရန်သူနှင့် ကောင်းစွာနှိုင်းယှဉ်နိုင်သည့်၊ ပွဲသိမ်းအဆင့် တိုက်ခိုက်နိုင်သည့် လက်နက်အင်အား အခြေအနေသို့ရောက်ရန်၊ လေကြောင်းရန်ကို တန်ပြန် တိုက်ခိုက်နိုင်ရန်၊ ခုခံနိုင်ရန်အတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းများ အလုံအလောက် ရရှိနိုင်ရန်လည်း ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ “ကျေးလက်ကို အခြေပြု၊ မြို့ပြကို ဝန်းရံ” ဟူသည့် အခြေခံ ပြောက်ကျားစစ်နည်းဗျူဟာနှင့်အညီ ယခုအခါ ကျေးလက်ဒေသအများစုကို မိမိတို့စိုးမိုးနယ်မြေအဖြစ် တည်ဆောက်ခဲ့နိုင်ပြီး တော်လှန်ရေး၏ နောက်တဆင့်အဖြစ် မြို့ပြဒေသများကို ခြိမ်းခြောက်နိုင်ရေး၊ ရန်သူ့ဗျူဟာမြောက် ဆက်သွယ်ထောက်ပို့ရေးလမ်း ကြောင်းများ (Line of Communication) ကို ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပါသည်။ စစ်မဟာဗျူဟာအရ ခံစစ် (Phase of Strategic Defense) ဖြင့် စတင်ခဲ့ရသော ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ တန်ပြန်ထိုးစစ်အကြိုကာလ (Phase of Strategic Equilibrium) သို့ အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်သည်။ နောက်ဆုံးအဆင့်ဖြစ်သော စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလ (Phase of Strategic Counter Offensive) သို့ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ ရှာဖွေတပ်ဆင်မှုကို အားစိုက်ဆောင်ရွက်လျက်ရှိသည်။ မှတ်တမ်းများအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃သောင်းခန့် ထိခိုက်သေဆုံးသည် အထိ ချေမှုန်းနိုင်ခဲ့ပြီး  (၁) သောင်းကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။ စစ်အာဏာသိမ်းမှုကို လက်မခံသည့် တပ်မတော်သားနှင့်ရဲ (၁၃,၀၀၀)ဦးကျော် ပြည်သူ့ရင်ခွင်ခိုလှုံ လာခဲ့သည်။ 

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု

၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ ဖွဲ့စည်းပြီး ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှု လုပ်ငန်းများအား မူဝါများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေများတွင် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များကို (၁၇၁) မြို့နယ်ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်ပေါင်း (၁၀) ခရိုင်ကိုလည်း ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ အုပ်ချုပ်ရေးရုံးများနှင့်အတူ ပြည်သူလူထုဘဝလုံခြုံစေရန် ရည်ရွယ်လျက် ပြည်သူ့ရဲတပ်ဖွဲ့ကို ဇွန်လ (၇)ရက် ၂၀၂၂ တွင်စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကြားကာလအုပ်ချုပ်ရေး နယ်မြေ ဒေသများတွင် ရဲတပ်ဖွဲ့ဝင်အင်အား (၁၉၆) ဦးနှင့် အခြေခံရဲသင်တန်းများပို့ချခြင်း၊ ရဲမှုခင်းများစစ်ဆေးခြင်း၊ စစ်ကောင်စီ၏သတင်းများ စုဆောင်းပြီး အကြမ်းဖက်နှိမ်နှင်းခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါနယ်မြေများတွင် အခွန်စနစ်ကိုလည်း စတင်ကျင့်သုံးနေပြီး ယနေ့အချိန်အထိ အခွန်နှင့် ဒဏ်ကြေးအတွက် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော်ကောက်ခံရရှိပြီး ဖြစ်ပါသည်။ ၎င်းအခွန်ဘဏ္ဍာငွေများကို မြို့နယ်များအတွင်း လိုအပ်လျက်ရှိသော ဒေသကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် လူသားစာနာလုပ်ငန်းများတွင် ပြန်လည်ခွဲဝေသုံးစွဲလျက်ရှိပါသည်။ ပြည်နယ်အတိုင်ပင်ခံကောင်စီများ၊ လွှတ်တော်ကိုယ်စားပြု ကော်မတီများနှင့်လည်း ပုံမှန်ဆွေးနွေးတိုင်ပင်မှုများပြုလုပ်၍ သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်မှု များကို တိုင်ပင်ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ကြားကာလနှင့် အသွင်ကူး ပြောင်းရေးကာလများတွင် ပြည်သူများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်နှင့် တရားဥပဒေ စိုးမိုးစေရန် ရည်ရွယ်၍ တရားရေးရာဝန်ကြီးဌာနကို ဇွန်လ (၅) ရက် ၂၀၂၁ခုနှစ်တွင် CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ဥပဒေပညာရှင်များနှင့် ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ မြို့နယ်တရားရုံး (၂၅)ရုံးတွင် တရားသူကြီး (၁၁၈)ဦး ခန့်အပ်ထားရှိပြီး တရားစီရင်ရေးအာဏာများ စတင်ကျင့်သုံးဆောင်ရွက်လျက် ရာဇဝတ်မှုနှင့် တရားမမှုများကို ဖြေရှင်းဆောင်ရွက်နေပြီဖြစ် သည်။ 

မဟာမိတ်ဆက်ဆံရေး

၅။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများအနေဖြင့်လည်း ၎င်းတို့သက်ဆိုင်ရာကဏ္ဍအလိုက် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ပိုမိုအားကောင်းသောဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း မဟာမိတ်ဆက်ဆံရေး ကော်မတီ (ARC) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို လက်တွဲညှိနှိုင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။

မဟာမိတ်ဆက်ဆံရေးကော်မတီအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်း ERO များအပါအဝင်၊ နိုင်ငံရေး ပါတီများ၊ တော်လှန်ရေးအင်အားစုများ၊ အတိုင်ပင်ခံကောင်စီများနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီဆိုင်ရာကိစ္စများအပါအဝင် စစ်ရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်အုပ်စုအား ဖြုတ်ချနိုင်ရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များရရှိကာ ယခုထက်ပိုမိုသည့် ပူးပေါင်းဆောင်ရွက်မှုများကို စုစည်းညီညွတ်စွာ ဖော်ဆောင်နိုင်ရေး ဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။ 

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ

၆။ ပြည်သူလူထု၏ ပညာရေးအဆက်ပြတ်မှု မဖြစ်စေရေးအတွက်  CDM ဆရာ/မများ၊ ပညာရေးဝန် ထမ်းများ စုစုပေါင်းအင်အားတစ်သိန်းခွဲကျော်ဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးဝမ်းကျောင်း ပညာနှင့် ဆရာအတတ်သင်ပညာရပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် online, on ground သင် ကြားရေး များအပြင် Digital Based Learning စနစ်များဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသော online ကျောင်း (၇၀)ကျော်ရှိပြီး အသိအမှတ်ပြုမူဝါဒနှင့်အညီ ဖွင့်လှစ် သင်ကြားခြင်း၊ on ground ကျောင်းပေါင်း (၅၀၀၀) ကျော်၊ ဆရာ/မပေါင်း (၆၀,၀၀၀) ကျော်နှင့် ကျောင်းသား/ သူပေါင်း (၇၅၀,၀၀၀) ကျော်ခန့် ပညာသင်ကြားလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့ကို (၃၀၄) မြို့နယ်တွင်ဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပေါ်လစီကို NUG-NUCC ပူးပေါင်းလုပ်ငန်းကော်မတီ၏ ပူးပေါင်းပါဝင်မှုနှင့် ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။ အခြေခံပညာညီလာခံ၊ အဆင့်မြင့်ပညာညီလာခံတို့ကို ကျင်းပနိုင်ခဲ့ကာ အဆိုပါညီလာခံများမှရရှိသော ဆွေးနွေးဆုံးဖြတ်ချက်များကို အခြေခံ၍ ပညာရေး အကောင်အထည်ဖော်မှုများ ဆောင်ရွက်နေပါသည်။ BECA (Basic Education Completion Assessment) အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ online, offline ဖြေဆိုခဲ့ရာ online အနေဖြင့် ကျောင်းသားပေါင်း (၂၁၀၀၀) ကျော်ဖြေဆိုခဲ့ပြီး စာစစ်ဌာန (၃၂၉) ခုတွင် ကျောင်းသားပေါင်း (၃၈၈၇၇) ဦးဖြေဆိုခဲ့သည်။  PDF ရဲဘော်များလည်း ပါဝင်ဖြေဆိုခဲ့ကြသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး (၂) နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရသော ပြည်သူများအတွက် ငွေကျပ် ၆.၆ဘီလီယံခန့် (USD ၂.၃ မီလီယံ) လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါသည်။ တစ်လလျှင် ပျမ်းမျှစစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ပါသည်။ အကြမ်းဖက်စစ်အုပ်စုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် ပြည်နယ်နှင့်တိုင်း အသီးသီးတို့မှ ဒေသခံပြည်သူများအတွက် ယာယီတဲများ ပြန်လည်ဆောက်လုပ်ပေးခဲ့ရာ လက်ရှိအချိန်အထိ ပြည်သူကလှူဒါန်းသည့် ရန်ပုံငွေဖြင့် ယာယီတဲပေါင်း (၂,၂၃၉) လုံးဆောက်လုပ်ပေးပြီးဖြစ်ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အသက်ဆုံးရှုံးရမှု လျှော့ချနိုင်ရန် ရန်ပုံငွေကျပ် (၁၁၉) သန်းခန့်အသုံးပြု၍ ကြားကာလပညာရေးဖော်ဆောင်နေသော စာသင်ကျောင်းများတွင် ဗုံးခိုကျင်း (၇၉၈) ကျင်းတူးဖော်ပေးခဲ့ပြီးဖြစ်သည်။ထို့အပြင် ဘေးအန္တရာယ်အမျိုးမျိုးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ စာစောင်များထုတ်ဝေ ဖြန့်ဖြူးခြင်းနှင့်စာသင်ကျောင်းများတွင် ဇာတ်တိုက်လေ့ကျင့်ခန်း များ ဆောင်ရွက်ပေးခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူသားစာနာတာဝန်ခံ စုစုပေါင်း       (၃၅၂) ဦးကိုလည်း အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းဆိုင်ရာ သင်တန်းများ ပေးအပ်ခဲ့ပါသည်။ နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများရရှိနိုင်ရေးအတွက် စစ်ဘေးရှောင် ပြည်သူအများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၃၉) မြို့နယ် တွင် လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာ     ကိုလည်း အလှူရှင်နိုင်ငံများ၊ ကုလသမဂ္ဂနှင့်အာဆီယံသို့ ဖြန့်ချီပေးပို့ခဲ့ပါသည်။ ထို့အပြင် အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးကင်းလုံခြုံသည့် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်များ ဖော်ဆောင်နိုင်ရန် အလို့ငှာ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ အားလုံးပါဝင်သော လူသားချင်းစာနာကူညီမှုဆိုင်ရာဖိုရမ်တစ်ခု ကျင်းပနိုင်ရေးကိုလည်း စီမံ ဆောင်ရွက်လျက်ရှိပါသည်။ Mind Healer စိတ်ခွန်အားပေးသူများ Facebook စာမျက်နှာမှ အကူအညီလိုအပ် သူများအား နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းကိုလည်း ပြုလုပ်ပေးလျက်ရှိရာ စုစုပေါင်း ပြည်သူ (၈၂၃) ဦးနှင့် CDM ဝန်ထမ်း (၄၂၂) ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။

ထောင်တွင်းမတရားဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသူများနှင့်လိင်စိတ်ကွဲပြားသူ(၄၆၉) ဦး၊ လူငယ် နိုင်ငံရေး အကျဉ်းသား (၄၀၀) ဦး၊  ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များ (၁၁၁,၉၁၄) ဦး၊ အရေးပေါ် အခြေအနေတွင် နေထိုင်ရန်လိုအပ်မှုနှင့် camp အုပ်ချုပ်မှုသင်တန်း (၃,၀၀၀) ဦးတို့ကို ထောက်ပံ့ပေး           ခဲ့သည်။ ထို့အတူ ကလေးများအပေါ် စစ်ကောင်စီမှကျူးလွန်သော ရာဇဝတ်မှုများကို မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း၊ ကလေးသူငယ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် စုဆောင်း ခြင်း၊ ကလေးစစ်သားစုဆောင်းမှုတားမြစ်ခြင်း လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါသည်။ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာရမှုများအား ကုသမှုပေးခြင်း၊ ခွဲစိတ်ကုသမှုပြုလုပ်ခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးသူများအား ခြေတုလက်တုတပ်ဆင်ပေးခြင်း၊ အရေးပေါဗိုက်ခွဲကလေးမွေးဖွားပေးခြင်း အစရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း လုပ်ဆောင်ပေး လျက်ရှိပါသည်။

ပြည်သူလူထုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံ/ဆေးခန်းများအား အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းရန်တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုစသည့် အကြမ်းဖက် လုပ်ရပ်များမှကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ စာသင်ကျောင်းများ၊ ဆေးရုံများတွင် လေကြောင်းရန်ကာကွယ်ရေးနှင့် အရေးပေါ်ရှေးဦးသူနာပြုစုရေးတို့အတွက် လိုအပ်သောသင်တန်းများနှင့် အရေးပေါ်ဆေးအိတ် ဝယ်ယူရေးအတွက် ထောက်ပံ့မှုများကိုလည်း ပြုလုပ်လျက်ရှိပါသည်။ မြေပြင်တွင် ဆေးရုံပေါင်း (၆၆) ခု၊ ဆေးခန်းပေါင်း (၁၅၉) ခု၊ ရွေ့လျား ဆေးခန်းပေါင်း (၂၅၀) ကျော်တို့ဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ မြို့နယ်ပေါင်း (၁၉၈) မြို့နယ် (တစ်နိုင်ငံလုံး၏ ၆၀ %) တွင် မြို့နယ်ကျန်းမာရေးတာဝန်ခံများရှိပြီး ဝန်ကြီးဌာနနှင့်လက်တွဲ ချိတ်ဆက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးလုပ်သားစုစုပေါင်းမှာ (၃,၈၃၂) ဦးဖြစ်ကာ ကျန်းမာရေးလုပ်သားများ၏ (၇၈%) မှာ CDMers များဖြစ်သည်။ ထိုလုပ်သားစုစုပေါင်းထဲတွင် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ၌ရှိသော ကျန်းမာရေးလုပ်သားများအင်အားပါဝင်ခြင်း မရှိသေးပါ။ ကျန်းမာရေးအသုံးစရိတ် အနေဖြင့်  အမေရိကန်ဒေါ်လာ ၂ သန်း သုံးစွဲခဲ့ပြီးဖြစ်သည်။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) 

၇။ အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသော CDM ပြည်သူ့သားကောင်းများအား ပံ့ပိုးကူညီမှု ပေးနိုင်ရေးအတွက်  ၂၀၂၁ ဧပြီလ ၂၇ ရက်နေ့တွင်  အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ CRPH ကိုယ်စားလှယ်များပါဝင်၍ CDM Success Committee အားဖွဲ့စည်းခဲ့ကာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် CDM ကွန်ယက်ချိတ်ဆက်ခြင်း၊ CDM ဆောင်ရွက်မှုအစီရင်ခံစာအား ၂၀၂၁၊ စက်တင်ဘာလတွင် UN Credential အတွက် ထုတ်ပြန်ခြင်း၊ CDM လှုပ်ရှားမှုတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် CDM အချက်အလက်အစီရင်ခံစာအား ထုတ်ပြန်ခြင်း၊ CDM စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် CDM ဆုချီးမြှင့်ရေးနှင့် လစာဘတ်ဂျက်တွက်ချက်မှုများ ဆောင်ရွက်ခြင်း၊ နှစ်ပတ်လည်လုပ်ငန်း တိုးတက်မှုဆိုင်ရာ စစ်တမ်းကောက်ယူ၍ ပိုမိုကောင်းမွန်သောလုပ်ငန်းစဥ်များ ဖော်ဆောင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ CDM Success Committee နှင့်ချိတ်ဆက်ထားသော CDM နိုင်ငံ့သူရဲကောင်း (၂၁၀၆၃၉) အနက်မှ (၂၀%) နှုန်းခန့်၏ အရေးပေါ်လိုအပ်ချက်များအတွက်  မြန်မာကျပ်ငွေသန်း (၄,၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ဝန်ကြီးဌာနများအနေဖြင့်လည်း ဌာနအလိုက် CDM ဝန်ထမ်းများအား အသီးသီး ကူညီထောက်ပံ့လျက်ရှိသည်။ 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း CDM/ Non CDM မူဝါဒမူကြမ်းအား နိုင်ငံ့ဝန်ထမ်း CDMများ၏ သဘောထားခံယူဆွေးနွေးရေးသားခဲ့ပြီး အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်တွင် အတည်ပြုထုတ်ပြန်ပေးခဲ့သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အတည်ပြုထုတ်ပြန်ထားသည့် “နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ” အပိုဒ် (၃) နှင့်အညီ ဥပဒေကြမ်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် CDM အောင်မြင်ရေးကော်မတီသည် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဥပဒေမူကြမ်းရေးဆွဲလျက်ရှိပါသည်။

ဘဏ္ဍာရေးနှင့် စီးပွားရေးကဏ္ဍ 

၈။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မြေပြင်သပိတ်အဖွဲ့များ၊ ပြည်သူများနှင့်ပူးပေါင်း၍ စစ်တပ်ထုတ်ကုန် သပိတ်မှောက်ကမ်ပိန်းအား ဆောင်ရွက်ခဲ့ခြင်းနှင့် CDM Product များအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ MSME ချေးငွေများထုတ်ပေးနိုင်ရန်နှင့် တော်လှန်ရေးအတွက် လိုအပ်သောကဏ္ဍများအတွက် ပံ့ပိုးကူညီနိုင်ရန် ရံပုံငွေရှာဖွေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကာ ကျပ်သိန်းပေါင်း (၁၇၁,၆၇၇,၄၄၀) ထိ ကူညီပံ့ပိုးနိုင်ခဲ့သည်။ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းစစ်ကာင်စီထံ စီး၀င်လာမည့် ဘဏ္ဍာငွေကြေးအထောက်အပံ့များကို တားဆီးပိတ်ပင်ခြင်းနှင့် ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့်အညီ ပေါ်ပေါက်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် ဘဏ္ဍာငွေများ ရရှိစေရေးမူဝါဒ (၂) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဝင်ငွေဖြတ်တောက်ပိတ်ဆို့ရေးနှင့်ပတ်သက်၍ ပြည်သူလူထု၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ၊ တော်လှန်ရေးအစုအဖွဲ့များ၊ CSO/CBO များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ၏ ထုတ်ကုန် ပစ္စည်းများကို မသုံးစွဲရေး (Boycott) ပြုလုပ်ရန် စစ်တပ်ထုတ်ကုန်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူလူထုသိရှိစေရန် ထုတ်ပြန်ကြေညာထားပါသည်။ 

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် ဘဏ္ဍာငွေများ ရရှိစေရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အောင်လံလွှင့်ချီနွေဦးထီ၊ United Bond, EOD, Early Partnership Program, NUGPay, အခွန်၊ အကောက်၊ ဒဏ်ကြေးစသည်တို့မှရရှိသော ဝင်ငွေနှင့်သုံးစွဲမှုခြေပြဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

နိဂုံး

၉။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်တာအစီအမံ၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင် ရေးနှင့် စိန်ခေါ်မှုများအားကျော်လွှားနိုင်ရေးတို့ကို စဉ်ဆက်မပြတ်လေ့လာသုံးသပ်ကာ အဆုံးသတ်တိုက်ပွဲ အတွက် အဆုံးအဖြတ်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒအပေါ် အခြေခံထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရနှင့်တကွ တော်လှန်ရေးအင်အားစုများအားလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဆီသို့ ပြည်သူလူထုက ဆုံးဖြတ်ပြဌာန်းသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် လမ်းကြောင်းအတိုင်း ဦးလည်မသုန် ချီတက်ခရီးဆက်သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြု အစီရင်ခံအပ် ပါသည်။