အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏

အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြောကြားခဲ့သော

ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက် 

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ (၂) ရက်၊ အင်္ဂါနေ့။

ပထမဦးစွာ တစ်နေ့က “The End Of Dictatorship” အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ နွေဦးအင်းလျား ကွန်ဒိုအခန်းများ ရောင်းချခြင်းကို ၁၂ နာရီအတွင်းမှာ ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ယခုလို တော်လှန်ရေးကာလ အင်မတန် အရေးကြီးတဲ့ အချိန်ကိုရောက်နေချိန်မှာ လိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံ အားဖြည့်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများအားလုံးကို လေးစားကျေးဇူးတင်ရသလို ဒီလို ဘဏ္ဍာငွေရှာဖွေခြင်း လုပ်ငန်းတွေကို အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်စီမံပေးကြတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ 

ကျွန်တော်တို့ အစိုးရဟာ တစ်ဖက်က ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ ယိုင်နဲ့ပြိုလဲနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထူထောင်ရင်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုက္ခပေးမှုတွေကြောင့် ကိုယ်ရောစိတ်ပါ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းတွေ တပြိုင်နက် စီမံဆောင်ရွက်နေရတာ ဖြစ်လို့ ဘဏ္ဍာငွေ လိုအပ်ချက်တွေက အမြဲ ရှိနေပါတယ်။ 

ဒီလို ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ၂ နှစ်လုံးလုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ပူးပေါင်းပါဝင်ခဲ့မှုတွေကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေနဲ့ လှူဒါန်းကူညီကြတဲ့ ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေကြောင်း ဒီနေရာကနေ ပြည်သူများထံသို့ သတင်းစကားပါးလိုပါတယ်။ 

အခုဆိုရင် ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အခွန်စနစ်ကို စတင်ကျင့်သုံးနေပြီ  ဖြစ်တဲ့အတွက် အဲဒီ့ကောက်ခံရရှိတဲ့ အခွန်နဲ့ ဒဏ်ကြေးငွေတွေကနေလည်း မြို့နယ်အတွင်း လိုအပ်နေတဲ့ ဒေသကာကွယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ လူသားစာနာလုပ်ငန်းတွေမှာ ပြန်လည်ခွဲဝေသုံးစွဲနေပြီ ဖြစ်တာမို့ ပြည်သူတွေရဲ့ အဘက်ဘက်က ထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိစွာနဲ့ အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ရန် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း မှာကြား လိုပါတယ်။ 

တစ်ပတ်တာအတွင်းမှာဆိုရင်လည်း အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်သင့်တာတွေကို အားစိုက် ဆောင်ရွက်နေကြတာကိုလည်း သိရှိပါတယ်။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီဆိုရင်လည်း နေ့စဉ်အစည်းအဝေးတွေ အဆက်မပြတ် စီမံဆောင်ရွက် နေကြသလို မြေပြင်တာဝန်ရှိသူတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်စီမံနေကြတာကို ကြားသိရ ပါတယ်။ 

တော်လှန်ရေးကာလ ဖြစ်တာကြောင့် အစစအရာရာ သတိထားလုပ်ဆောင်ကြရမှာပါ။ ဘုံရန်သူကလည်း ကျွန်တော်တို့ တော်လှန်ရေးကို ပုံဖျက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေမယ့်၊ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်ပါတယ်။ တော်လှန်ရေးကို ပုံပျက်စေမယ့် သတင်းစကားတွေကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း ကျွန်တော်တို့က နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ထိစပ်ပြီး လက်ရှိအခြေအနေ တွေကို မျှဝေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ်တွေနဲ့လည်း နိုင်ငံရေးအရ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကဏ္ဍစုံက ဆက်လက်ချိတ်ဆက် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုပါတယ်။ 

 ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံခြားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပြည်သူတွေကို ဝန်ဆောင်မှု ပေးနိုင်ရေးစတဲ့ ကဏ္ဍစုံကို တပြိုင်နက် ကြိုးစားနေကြရတာ ဖြစ်လို့ ပင်ပန်းခက်ခဲ ကြမှာကို နားလည်ပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံးငြိမ်းစေနိုင်မယ့် အားထုတ်မှုတွေ ဖြစ်တာမို့ ဆက်လက် ကြိုးစားဆောင်ရွက် ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။