ပြည်သူ့ရေးရာကော်မတီနှင့် မကွေးတိုင်းဒေသကြီးမှ CDMer များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီတစ်ခုဖြစ်သည့် CDMer များ၏ အရေးကိစ္စများကို အဓိကဦးစားပေးဆောင်ရွက်ပေးလျက်ရှိသော ပြည်သူ့ရေးရာကော်မတီသည် မကွေးတိုင်းဒေသကြီးမှ CDMer များနှင့် တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်(အင်္ဂါနေ့)၊ နေ့လယ် (၁၂:၃၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကားပြောကြားရာတွင် CRPH နှင့် NUG မှ တာဝန်ရှိသူများအနေဖြင့် CDM ရေးရာကိစ္စရပ်များကို စဥ်ဆက်မပြတ်ဆွေးနွေးညှိနှိုင်း၍ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘက်ပေါင်းစုံမှ အားလုံးညီညွတ်စွာ ပါဝင်ကြ၍ တော်လှန်ရေး ယခုကဲ့သို့ တစ်ဝက်ကျော် အောင်နိုင်ခဲ့ပြီးဖြစ်ပြီး အဆုံးထိညှိနှိုင်းလက်တွဲသွားကြပါက အားလုံးကြိုးစားမှုကြောင့် မကြာမီတွင် အောင်မြင်မည်ဟု မုချယုံကြည်ပါကြောင်း၊ ယခုထက်ပိုစည်းလုံးကြရန်နှင့် One Year Strategy ကို ပြင်ဆင်ထားရှိထား၍ ယခုနှစ်သည် အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ကာ စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် လက်တွဲညီညီ  စစ်အာဏာရှင်စနစ်ပျက်သုဉ်းသည်အထိ ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာ၌ CDM များကြောင့် တော်လှန်ရေးသည် ယခု အနေအထားအထိရောက်ရှိလာပြီး နေရာတိုင်းတွင် တော်လှန်ရေးရှိပါကြောင်း၊ ဥပဒေကဲ့သို့ ပြဋ္ဌာန်းနိုင်သော CDM မူဝါဒအား အတည်ပြုနိုင်ရေးကြိုးပမ်းလျက်ရှိပြီး ၎င်းတွင် CDM များ၏ သားစဉ်မြေးဆက်အထိ စဉ်းစားစောင့်ရှောက်ပေးရန် လုပ်ငန်းစဉ်များ ပါရှိသကဲ့သို့ Non-CDM များအတွက်လည်း တိကျပြတ်သားသည့် အရေးယူမှုများ ပါရှိပါကြောင်းနှင့် ယခုအချိန်မှ ပြည်သူ့ဘက်သို့ ပူးပေါင်းလာသူများကို CDM အဖြစ်လက်မခံနိုင်တော့ဘဲ အလင်းဝင်သူအဖြစ်သာ သတ်မှတ်နိုင်ပြီး (၂)နှစ်နီးပါး စွန့်လွှတ်အနစ်နာခံခဲ့သည့် CDM သူရဲကောင်းများနှင့် မည်သည့် နည်းနှင့်မျှ တန်းတူမထားနိုင်သည်ကို သတင်းစကားပါးလိုပါကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်စိုးစိုးကြည်က ကော်မတီအနေဖြင့် CDM များနှင့် တွေ့ဆုံရခြင်းရည်ရွယ်ချက်မှာ အချင်းချင်းဆွေးနွေးအားယူကြရန်နှင့် ကော်မတီလုပ်ဆောင်မှုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ CDM မူဝါဒရေးဆွဲနေသည့် အခြေအနေများအား CDM များသို့ ရှင်းလင်းတင်ပြလို၍ ဖြစ်ပါကြောင်းနှင့် အတွင်းရေးမှူး ဒေါ်အိအိပြုံးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် CDMer များက ကြုံတွေ့နေရသည့် မြေပြင်မှအခက်အခဲများ၊ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးတင်ပြရာ ကော်မတီဝင်များက ပြန်လည်ဖြေကြား၍ တွေ့ဆုံပွဲအား (၁၆:၀၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စား လှယ်များ၊ CDM အရေး ဦးဆောင်သူများနှင့် CDMer များ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ