အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၀ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် စက်တင်ဘာ (၅) ရက် 

အခုဆိုရင် နွေဦးတော်လှန်ရေးက (၃) နှစ်တာ ကာလအထိ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ ကျွန်တော်တို့တတွေဟာ ဘယ်လို ခြေလှမ်းမျိုးတွေကို ပီပီပြင်ပြင် ပေါက်ပေါက်မြောက်မြောက် လျှောက်လှမ်းထားကြပြီးပြီဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ ဘယ်လို အလုပ်မျိုးတွေဟာ ပြည်သူလူထုကို ကျေးဇူးပြုစေတဲ့ တော်လှန်ရေးအလုပ်တွေဖြစ်ပြီး ဘယ်လို လုပ်ရပ်မျိုးတွေကတော့ ပြည်သူလူထုအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ကိစ္စရပ်မျိုးတွေဆိုတာကို ခွဲခြားသုံးသပ်ကြဖို့ လိုပါတယ်။ ဒီလို ပိုင်းခြားသုံးသပ်ပြီး ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးစဉ်တွေကို အမှားအယွင်းနည်းနိုင်သမျှ နည်းနည်းနဲ့ ရှေ့ဆက်လျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့ နားမျက်စိပွင့်ရေးကို အထူးဂရုစိုက်ကြဖို့ လိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ဝေခံ သတင်းဌာနတွေက တကယ့်ပြည်သူတွေဖြစ်ပျက်နေတာတွေကို သတင်းအမှန်ထုတ်ပြန်တာ မရှိပါဘူး။ လွတ်လပ်သော သတင်းမီဒီယာတွေက ပြည်သူတွေရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ရေးသားဖော်ပြပေမယ့်၊ သူတို့မှာလည်း သတင်းရင်းမြစ်တိကျမှုမှာ အကန့်အသတ်တွေ ရှိနေတာတွေ့ရပါတယ်။ ဒီကြားထဲမှာ ပြည်သူလူထုအနေနဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒီတော့ လက်ရှိ အခင်းအကျင်းမှာ ပြည်သူတွေရဲ့ နားမျက်စိပွင့်ရေးဟာ အကန့်အသတ်တွေ အတားအဆီးတွေနဲ့ ကြုံနေကြရပါတယ်။ ဒါတွေကို သိမြင်နားလည်ပြီး ခေတ်သစ် အိုင်တီနည်းပညာတွေကို သုံးပြီး ကမ္ဘာကြီးနဲ့ အချိတ်အဆက် မပြတ်ရေးကို ပြည်သူ့အကျိုး ရှေ့ရှုပြီး ကြိုးစားလုပ်ဆောင်ကြဖို့ လိုပါတယ်။ 

ဒီအနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာလည်း ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနကနေ အင်တာနက်ရရှိရေး စီမံကိန်းဆောင်ရွက်မှုအကြောင်း ရှင်းလင်းတင်ပြဖို့ ရှိတာတွေ့ရပါတယ်။ ဒီလို စီမံကိန်းမျိုးတွေ လုပ်ဆောင်ရာမှာ ပြည်သူလူထုရဲ့ သတင်းမှန်စားသုံးနိုင်မှု မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ဒါ့အပြင် တိုင်းပြည်ခက်ခဲကျပ်တည်းနေတဲ့ ကာလအတွင်းမှာ လူထုကို မျက်စိပိတ် နားပိတ်ဖြစ်အောင် ကန့်သတ်တားဆီးတာတွေ ရှိနေလို့၊ ကျွန်တော်တို့အနေနဲ့ သမားရိုးကျနည်းလမ်းတွေကို ကျော်ပြီး လူထုကို ကူညီဖို့ တာဝန်ရှိပါတယ်။ 

နောက်တစ်ချက်အနေနဲ့ ပြောချင်တဲ့ အချက်ကတော့ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု မဟာဗျူဟာ ချည်းကပ်ပုံနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ဆိုတာဟာ တချိန်က သပိတ်မှောက်ကြွေးကြော်သံဖြစ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ အနှစ်သာရထက် အများကြီး ပိုလွန်တယ်ဆိုတာ သတိထားမိဖို့ လိုပါတယ်။ CDM လှုပ်ရှားမှုဆိုတာ အကြမ်းမဖက်သော လူထုတိုက်ပွဲနဲ့ နယ်ပယ် ကဏ္ဍတိုင်းမှာ အကျယ်ကျယ်ပြန့်ပြန့် တော်လှန်နိုင်တဲ့ တော်လှန်ရေးစွမ်းရည်မျိုး ရှိနေတာတွေ့ရပါတယ်။ 

ဒါ့အပြင် CDM လှုပ်ရှားမှုဆိုတာဟာ လူထုတိုက်ပွဲကို ပုံသဏ္ဍာန် ဒီဇိုင်းပေါင်းစုံနဲ့ အာဏာဖီဆန်တဲ့လှုပ်ရှားမှုဖြစ်တယ်လို့ နားလည်ပါတယ်။ နိုင်ငံရေးအတွေးအခေါ် ရှုထောင့်ကနေ ကြည့်ရင်လည်း CDM လှုပ်ရှားမှုဆိုတာဟာ လူထုကြားထဲမှာ လူထုနိုင်ငံရေးနည်းကို အကျယ်ပြန့်ဆုံး၊ အသိမ်မွေ့ဆုံးနည်းနဲ့ ဆွဲဆောင်စည်းရုံးရတဲ့ လူထုလှုပ်ရှားမှုနည်းနာဖြစ်ပါတယ်။ ဒါကို သတိမူပြီးတော့ CDM  လှုပ်ရှားမှုမှာ အနှစ်အသားပြည့်ဝတဲ့ ရလဒ်တွေထွက်အောင် ဦးဆောင်လှုပ်ရှားကြဖို့ ဖြစ်ပါတယ်။ 

အခု နွေဦးတော်လှန်ရေးအတွင်းမှာလည်း CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် CDM  လှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီးအောင် ဝိုင်းဝန်း ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။ 

နိဂုံးချုပ်အနေနဲ့ ပြောကြားချင်တာကတော့ နွေဦးတော်လှန်ရေးအတွင်းမှာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ကျတဲ့ အုပ်ချုပ်စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော်တည်ဆောက်ရေးဟာ ပဓာနကျတဲ့ တာဝန်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ဒါ့အပြင် တိုင်းပြည်နဲ့ လူထုကို တော်လှန်ရေးအစိုးရအနေနဲ့ ဦးဆောင်တဲ့နေရာမှာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်တွေကို ကျင့်ကြံကြဖို့ အထူး တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမြော်အမြင်ဟာ တိုင်းပြည်နဲ့ လူထုရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တာမို့လို့၊ မိမိတို့ရဲ့ အတွေးအခေါ် အမြော်အမြင်ကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ကြိုးစား ဖြည့်ကျင့်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….။ 

အရေးတော်ပုံ မုချအောင်မြင်ရမည်။