ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် တက်ရောက်၊ သင်တန်းဆင်းရဲဘော်များထံ လက်နက်များပေးအပ်။

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်

တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ဇန်နဝါရီလ ၁၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်း​ပြောကြားရာတွင်အမျိုးသားညီညွတ်ရေးအစိုးရ​အ​နေဖြင့် တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ​ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေ​ကြောင်း၊ ​အောင်မြင်သင့်သ​လောက် ​အောင်မြင်​နေပြီဖြစ်​ကြောင်း၊ အကြမ်းဖက်စစ်​ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အား​ကောင်း​မောင်းသန်​တော်လှန်တိုက်ထုတ်​နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်​တော့မည်ဖြစ်​ကြောင်း၊  ပြည်တွင်းပြည်ပ အင်အားစုအားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှုအရှိန်အဟုန်​ကောင်းမွန်စွာဖြင့်​​ရှေ့ဆက်​နေနိုင်ပြီဖြစ်​ကြောင်း၊  နိုင်ငံ​ရေး၊ စစ်​ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်​ပေါ်တိုးတက်လျက်ရှိပါ​ကြောင်း၊ NUG ​ခေါင်း​ဆောင်များဟာ ​တော်လှန်​ရေးရဲ​ဘော်များနှင့်အတူ ​မြေပြင်မှာ တသားတည်းရှိ​နေ​ကြောင်း၊  စစ်​မြေပြင်လိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်ရန် စစ်​ဒေသကြီးများအလိုက် ပြင်ဆင်​ဆောင်ရွက်လျက်ရှိ​ကြောင်း၊ တိုင်းရင်းသားမဟာမိတ်​တော်လှန်​ရေးအဖွဲ့များနှင့် မိမိတို့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ​ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်​နေကြပါ​ကြောင်း၊ ​တော်လှန်​ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်​နေကြသူများအားလုံး၏ ဇွဲနဘဲကြီးမှု​ကြောင့် မကြာမီ ​တော်လှန်​ရေး​အောင်ပွဲအသီးအပွင့်များကို ခံစားကြရ​တော့မှာဖြစ်​ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ရဲ​ဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း​ရေးနှင့် အကြမ်းဖက်စစ်​​ကောင်စီကို အမြစ်ပြတ်​ချေမှုန်းနိုင်​ရေး ယခုကြိုးစားအားထုတ်​နေမှုထက် ပိုမိုအားစိုက်ထုတ်​ပေးကြဖို့ တိုက်တွန်းလို​ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ်သည် ဒေါနစစ်ကြောင်းတာဝန်ရှိသူထံသို့  လက်နက်များ​ပေးအပ်သည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ က ဒေါနစစ်ကြောင်း သင်တန်းဆင်းရဲဘော်များကို ဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုငွေ ၁၀ သိန်း ကျပ်တိတိကို ပေးအပ်ခဲ့​ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းဆင်းရဲဘော်များကို တစ်ဦး ချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

ယနေ့ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊  ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။