အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၇) ရက် 

ကျွန်တော်တို့ နိုင်ငံအတွင်းက ပြည်သူလူထုရဲ့ နေ့စဉ် လူမှုစီးပွားဘဝတွေဟာ ကွာဟချက်တွေ ကြီးမားလာတာတွေ့ရပါတယ်။ နိုင်ငံရေးပြဿနာနဲ့ လက်နက်ကိုင် အကျပ်အတည်းတွေကြားထဲမှာ ပျက်စီးယိုယွင်းသွားတဲ့ ပြည်သူ့ဘဝတွေ မြောက်မြားစွာ ရှိပါတယ်။ ဒါ့အပြင် ဒီလို စစ်ရေး / နိုင်ငံရေးအကျပ်အတည်းကို အကြောင်းပြုပြီး နဂိုမူလ အခြေအနေထက် ပိုမိုချမ်းသာသွားကြတဲ့ အကြမ်းဖက်စစ်အုပ်စု အပေါင်းအပါ တချို့လည်း ရှိနေပါတယ်။ ခေတ်ဆိုး စနစ်ဆိုးမှာ တောမီးလောင်ရင် တောကြောင်တွေ လက်ခမောင်းခတ်လေ့ရှိတာ ထုံးစံပဲလို့ ယူဆပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းမှုဟာ ကိုဗစ်ရောဂါ ကပ်ဘေးအတွင်းမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဖြစ်ပါတယ်။ ဒီစစ်အာဏာသိမ်း ရာဇဝတ်မှုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ပြည်သူလူထုရဲ့ အထွေထွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး အဆင့်အတန်းဟာ ထိုးဆိုက် ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဦးဆောင်မယ့် မျိုးဆက်သစ် ရင်သွေးတွေအတွက် ပညာရေး လျှောက်လမ်းတွေ ပျက်စီးယိုယွင်းခဲ့ပါတယ်။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့ တစ်ဖက်မှာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ ခုခံတော်လှန်စစ် ဆင်နွှဲပြီး တိုက်ပွဲဝင်နေသလို တစ်ဖက်မှာလည်း ပျက်စီးယိုယွင်းနေတဲ့ လူမှုဘဝအခြေအနေကို လူထုအတွက် ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေရပါ တယ်။ 

လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုကို ကရုဏာ သက်ပြီး အခြားတစ်ဖက်ကိုတော့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ၊ လူတန်းစား ကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာဖြစ်ပါတယ်။ တစ်ဖက်မှာ တော်လှန်ခုခံနေတဲ့ သူတွေလည်း ရှိနေသလို တခြားတစ်ဖက်မှာလည်း ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရတာ တွေလည်း ရှိပါတယ်။ ဒါဟာ လက်ရှိ ပြည်သူလူထုအတွင်းက ဖြစ်ရပ်တချို့ကို ကျွန်တော်တို့ NUG အစိုးရအဖွဲ့ဝင်တွေ သတိထားမိစေချင်တာ ဖြစ်ပါတယ်။ 

ယခု နွေဦးတော်လှန်ရေး (၂) နှစ်တာကာလအထိ နေ့စဉ် မပြတ် ခုခံတော်လှန်နေတဲ့ ပြည်သူလူထုရဲ့ စိတ်ဇောနဲ့ စိတ်ဓာတ်ပြင်းပြမှုတွေကို ကျွန်တော့်အနေနဲ့ တွေးမိတိုင်း ဦးညွှတ်မိပါတယ်။ ဒါဟာ တကယ် လက်တွေ့ ကာယကံမြောက် လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အခုဆိုရင် မြန်မာစစ်တပ်ရဲ့ ရက်စက်မှု တွေကြောင့် သေမထူး နေမထူး ဖြစ်သွားကြတဲ့ ပြည်သူလူထုတွေလည်း အညာဗမာပြည်မမှာ အလွန်အမင်း များပြားလာနေတာတွေ့ရပါတယ်။ 

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးတလည် ပြောကြားချင်တာကတော့ NUG အစိုးရအနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမဦးစားပေးဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်ရေးဟာလည်း ပထမဦးစားပေးဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ပဲ ဖြစ်ပါ တယ်။ ဒါဟာ NUG အစိုးရအနေနဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်တာ မဟုတ်ပါဘူး။ NUG အစိုးရရဲ့ ဖြစ်တည်မှုကိုယ်၌က ပြည်သူလူထုရဲ့ အကျိုးစီးပွားအပေါ်မှာ အခြေခံပြီး နွေဦးတော်လှန်ရေး ကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်နဲ့ လူထုအသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးမူကို ကိုင်ဆွဲသင့်တယ်လို့ ယူဆပါတယ်။ 

နောက်ဆုံး နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ရေးမူနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့နေရာမှာ သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ မဟာဗျူဟာအရ မှန်ကန်ပေမယ့် နည်းဗျူဟာအရလည်း မှန်မှန်ကန်ကန်ဖြစ်အောင် သတိပြုကြပါလို့ ပြောချင်ပါတယ်။ ပြည်သူလူထု တရပ်လုံးနှင့်အတူ ရပ်တည်လျက် အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချကြနိုင်ဖို့ ဆက်လက်အားတင်းရင်း ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..။

အရေးတော်ပုံမုချအောင်ရမည်....