လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအတွက် ပြည်တွင်း၊ ပြည်ပမှ အကူအညီပေးရေးအဖွဲ့များနှင့် အလှူရှင်နိုင်ငံများသို့ တိုက်တွန်းနှိုးဆော်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအတွက် ပြည်တွင်း၊ ပြည်ပမှ အကူအညီပေးရေးအဖွဲ့များနှင့် အလှူရှင်နိုင်ငံများသို့ တိုက်တွန်းနှိုးဆော်ချက်”

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်

၁။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းရန် ကြိုးစားခဲ့ပြီးနောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်တွန်းလှန်မှုများကို မြန်မာနိုင်ငံ တဝန်းလုံး တောင်ပေါ်မြေပြန့်မကျန် လူထုလူတန်းစား အလွှာပေါင်းစုံက ပါဝင်ဆောင်ရွက် ခဲ့ကြပါသည်။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်တော်လှန်ကြသည့် ပြည်သူလူထုအား ဖိနှိပ်ထိန်းချုပ်နိုင်ရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ကျုးလွန်ခဲ့ပြီး  လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။  မတရားအာဏာသိမ်းမှု အစောပိုင်း အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြစဥ်ကပင် လက်နက်အားကိုးဖြင့် နှိမ်နင်းခဲ့သည့် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများက လက်နက်ကိုင်တော်လှန်ရေး တစ်ရပ်အဖြစ်သို့ တိုးမြှင့်လာသောအခါတွင်မူ အရပ်သားပြည်သူလူထုအပေါ် အထိန်းအကွပ်မဲ့ ရက်စက်ကြမ်းကြုတ်မှု နှင့် အကြမ်းဖက်မှုများကို ပြုကျင့်လာခဲ့ပါသည်။ ပြည်သူ့တော်လှန်ရေးကို အင်အားချိနဲ့စေရန် ရည်ရွယ်၍ အရပ်သားများကို အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံ၊ စာသင်ကျောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းများကို နေရာအနှံ့ကျူးလွန်လျက် ရှိပါသည်။ 

၂။ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်သည် လူသားချင်းစာနာမှု အကူအညီများကိုလည်း ၎င်းတို့၏ နိုင်ငံရေးနှင့်စစ်ရေးအတွက် လက်နက်သဖွယ် အသုံးချကာ ဘေးဒုက္ခကြုံတွေ့နေရသည့် ပြည်သူများကို အကူအညီများ မရရှိအောင် ပိတ်ဆို့တားဆီးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်စစ်တပ်ကြောင့် မူလ နေရပ်ဒေသများတွင် နေထိုင်နိုင်ခြင်း မရှိသဖြင့် နေရပ်စွန့်ခွာရသူများနှင့် ထိတွေ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ကြရသည့် ပြည်သူများမှာ နေ့စဉ်နှင့်အမျှ တိုးပွားနေပါသည်။ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက စိုးမိုးထိမ်းချုပ်လာနိုင်သည့် မြို့များ များပြားလာပြီး ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများကို ဖော်ဆောင်လာချိန်တွင် အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာများကို ပိုမိုပစ်မှတ်ထားတိုက်ခိုက်လာပြီးနောက်ပိုင်း မြို့ပေါ်ဒေသများမှ အနီးအနားကျေးရွာများသို့ စစ်ဘေးရှောင်ရသူများ တိုးပွားလာသည့်အတွက် အဆိုပါစစ်ရှောင်ပြည်သူများကို ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနိုင်ရန် အရေးတကြီး လိုအပ်လျက်ရှိသည်။ 

၃။     အကြမ်းဖက်စစ်တပ်၏ အရပ်သားပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်းတွင် စစ်ရှောင်ဦးရေ ၉၅၀,၀၀၀ ကျော်၊ KNU နယ်မြေများတွင် စစ်ရှောင်ဦးရေ ၇၀၀,၀၀၀ကျော်၊ ရခိုင်ပြည်နယ်တွင် စစ်ရှောင်ဦးရေ၃၅၀,၀၀၀ခန့်နှင့် ကရင်နီပြည်နယ်တွင် စစ်ရှောင်ဦးရေ ၃၅၀,၀၀၀ ခန့်ဖြင့် စစ်ရှောင်အများဆုံးရှိနေပြီး အခြားသော စစ်ရှောင်ဦးရေ သိန်းဂဏန်းနီးပါးထိ တိုးမြင့်လာသည့် ပြည်နယ်နှင့်တိုင်းများ လည်း ရှိကြပါသည်။ အကြမ်းဖက် စစ်ကောင်စီသည် ပြည်တွင်း၊ပြည်ပ လူသားချင်းစာနာကူညီမှု အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို နည်းလမ်းပေါင်းစုံသုံး၍ကန့်သတ်ထိန်းချုပ်မှုများကြောင့်စစ်ရှောင်ပြည်သူများ၏ အသက်ကယ်ဆယ်ရေးအတွက် လိုအပ်နေသည့် အစားအစာ၊ ဆေးဝါးနှင့် အမိုးအကာများကို ထောက်ပံ့ပေးနိုင်ခြင်းမရှိဘဲ နိင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခံ နေကြရပါသည်။

၄။ ခုခံတော်လှန်စစ်ဆင်နွှဲနေသည့်ကာလအတွင်း အရပ်သားပြည်သူများကို ထိခိုက်နစ်နာမှု မရှိစေရန် အကာအကွယ် ပေးနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေး အင်အားစုအားလုံးက ကြိုးပမ်းဆောင်ရွက်နေချိန်တွင် စစ်လက်နက်မျိုးစုံဖြင့် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးသုံးတိုက်ခိုက်မှုတို့ကိုပါ အသုံးပြု၍ အရပ်သားပြည်သူများကို သေကြေပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည်။ အရပ်သားများ နေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် တနိုင်ငံလုံးတွင် ပုဂ္ဂလိကပိုင် နေအိမ်အလုံးပေါင်း ၉၀,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီးဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်း အပါအဝင် မတရားသတ်ဖြတ်မှုများကြောင့် သေဆုံးရသူ စုစုပေါင်း ၅,၀၀၀ကျော် ရှိပြီး ဒဏ်ရာရသူဦးရေမှာ ၄,၀၀၀ကျော်ခန့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုစာရင်းများ အရ သိရှိရပါသည်။  

၅။ ယင်းကဲ့သို့ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်မှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏လူသားချင်းစာနာကူညီမှုလုပ်ငန်းများ ပိတ်ပင်တားမြစ်မှု အပေါ်တွင်  ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ရန် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူလူထု အပါအဝင် တော်လှန်ရေးအင်အားစုများအားလုံးက တိုက်တွန်းပါသည်။ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွင် အကူအညီများကို အမှန်တကယ် လိုအပ်သူများထံသို့ အချိန်ကိုက် ရောက်ရှိစေရန် ဆောင်ရွက်ပေးခြင်းသည် ဘေးသင့်ပြည်သူများအတွက် အသက်ရှင်သန်ရေးပင်ဖြစ်သည်။ သို့ဖြစ်ရာ စစ်ဘေးရှောင် ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ အလျှင်အမြန် ပံ့ပိုးပေးနိုင်ရေးအတွက် ပြည်တွင်း၊ပြည်ပ လူသားချင်းစာနာမှု အဖွဲ့အစည်းများအနေဖြင့် အရပ်သားများအား ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများကို ညှိနှိုင်းချိတ်ဆက် ထောက်ပံ့ခြင်း၊ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ဆောင်နိုင်စွမ်းရှိစေရန် အရင်းအမြစ်များပံ့ပိုးပေးခြင်း၊ နယ်စပ်ဖြတ်ကျော် အကူအညီများ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ခြင်း၊ အိမ်နီးချင်းနိုင်ငံများက လူသားချင်းစာနာမှု အကူအညီများ နယ်မြေဖြတ်သန်း ထောက်ပံ့ခွင့်ပြုရန် တိုက်တွန်းနှိုးဆော်ခြင်း၊ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများကို ဖြေလျှော့ခြင်းနှင့် မြန်မာအပေါ် နိုင်ငံတကာလူသားချင်း စာနာ‌ထောက်ပံ့မှုများကို တိုးမြှင့်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးရန် တိုက်တွန်းပါသည်။

၆။ ထိုနည်းတူစွာ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းသုံး တိုက်ခိုက်မှုများ၊ လက်နက်ကြီးသုံးတိုက်ခိုက်မှုများကို တားဆီးနိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီကို ဘဏ္ဍာရေးအရ အထောက်အပံ့ ဖြစ်စေနိုင်မည့် ကိစ္စရပ်များကို ပိတ်ဆို့အရေးယူခြင်းများ ဆောင်ရွက်ခြင်း၊နိုင်ငံတကာအဖွဲ့အစည်းများ၏စီမံကိန်းများမှတဆင့်အကြမ်းဖက်စစ်ကောင်စီထံသို့ စီးဝင်နေသည့် ဘဏ္ဍာငွေကြေးများကို ပြန်လည်သုံးသပ်၍ လျှော့ချခြင်းနှင့် လေယာဉ်ဆီ တင်သွင်းခြင်းများကို ရပ်တန့်ရန် နိုင်ငံရေးအရ ဖိအားပေးခြင်းများကို ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြပါရန် ပြည်သူလူထု တရပ်လုံးနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံး၏ သဘောဆန္ဒကို အခြေခံ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ