ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၁) ပြုလုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၂၁) ပြုလုပ်

၁၅ ဇွန် ၂၀၂၁

-----------------------------------------

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၀/၂၀၂၁) ကို ယနေ့ဇွန်လ ၁၅ ရက်နေ့တွင် ကျင်းပခဲ့ရာ ဒုတိယ သမ္မတ ဒူဝါလရှီလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ…..

ဒုတိယ သမ္မတက G 7 အစည်းအဝေးက ထွက်ပေါ်လာချက်တွေဟာ အကျိုးရှိပေမယ့် ပိုမိုထိရောက်မှုရှိရန် လိုကြောင်း။ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေအပိုင်းမှာ ပိုမို အားကောင်းလာတာ ကိုတွေ့ရကြောင်း၊ တော်လှန်ရေးအတွက် ပြည်သူတွေက ညီညီညွတ်ညွတ်ကြိုးစားနေကြသလို အစိုးရအဖွဲ့အနေနဲ့ လည်း ညီညွတ်တဲ့အစိုးရဖြစ်ဖို့ပိုမို အားစိုက်ဖို့လိုကြောင်းပြောကြားခဲ့ပြီး၊

ပြည်ထောင်စု ဝန်ကြီးချုပ်က မနက်ဖြန်ဆိုလျှင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ရဲ့သက်တမ်းဟာ ၂ လပြည့်ပြီဖြစ်ကြောင်း၊  ၂ လ အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကြိုးစားဆောင်ရွက်နေကြသော်လည်း ပြည်သူများ နေ့စဉ်ခံစားနေရတဲ့ဒုက္ခများက ကြီးမားလွန်း၍ အစိုးရအဖွဲ့အနေဖြင့် လုပ်ဆောင်ချက်များကို ယခုထက်ပို၍ မြန်မြန်ဆန်ဆန် ရလဒ်များထွက်အောင်လုပ်ဆောင်စေချင်ကြောင်း၊ 

တချို့ကိစ္စများတွင် NUG အနေဖြင့်  အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေတာတွေရှိသော်လည်း ပြည်သူများကို အကုန်ချပြ၍ မရသေးတာတွေရှိနေ တာကြောင့်  ပြည်သူများဘက်ကကြည့်လျှင် အားမလိုအားမရဖြစ်နေတာများကိုလည်းတွေ့ရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူများအတွက် စာနာထောက်ထားမှုအကူအညီများ ကူညီထောက်ပံ့ ခြင်းကိုပင် ဖျက်လိုဖျက်စီးလုပ်နေသော အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်များဟာ ဆိုးဝါးလွန်းလှကြောင်းကို ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးဗြဲမြို့နယ်ဖြစ်စဉ်တွင် တွေ့နိုင်ကြောင်း၊ ဒီလိုကိစ္စရပ်တွေ အတွက်သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာကပါ သိအောင် ဆောင်ရွက်ပေးဖို့တိုက်တွန်း ကြောင်း၊ ဇွန်လ ၁၂ ရက်နဲ့၁၃ ရက်များတွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့များအဖြစ် ကမ္ဘာ့နိုင်ငံ ၂၀ကျော် ပြည်ပရောက်မြန်မာများနှင့် နိုင်ငံတကာမှ တရားမျှတမှုကိုလိုလားသော၊ ဒီမိုကရေစီကို ချသ်မြတ်နိုးသောမိတ်ဆွေတွေပူးပေါင်းပြီး ဆန္ဒပြပွဲတွေဆောင်ရွက်ခဲ့တယ်လို့သိရတဲ့အတွက် အထူးကျေးဇူး တင်ကြောင်း စသဖြင့် ပြောကြားခဲ့ကြသည်။ 

ဆက်လက်၍ ဝန်ကြီးများ ၊ ဒုဝန်ကြီးများက မိမိတို့သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပါတ်သတ်၍ ဆွေးနွေးတင်ပြကြရာ ကာကွယ်ရေးဝန်ကြီးဌာနက PDF ထူထောင်နေခြင်းကိစ္စများ နှင့် Federal Alliance များလုပ်ဆောင်နေခြင်းကိစ္စများ၊ စီမံဘဏ္ဍာဝန်ကြီးဌာနမှ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲသည့် ဥပဒေပြင်ဆင်ခြင်း ကိစ္စ၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖက်ဒရယ်သယံဇာတမူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်ကိစ္စများဆွေးနွေးကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန များမှ ဝန်ကြီးဌာန Logo နှင့် ဖွဲ့စည်းပုံများအား အသီးသီးတင်ပြခဲ့ကြသည်။