ကြေညာချက်အမှတ် (၅/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

www.nugmyanmar.org

ကြေညာချက်အမှတ် (၅/၂၀၂၁)

၂၀၂၁ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့

၁။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ရက်နေ့၊ ညပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်၊ နယ်စပ်ရှိ  မိုးဗြဲမြို့နယ်၊ အနောက်ဘက်ခြမ်း၊ လွယ်ရင်းတောင်ခြေတွင် မြန်မာနိုင်ငံဒေသအနှံ့အပြားမှ စေတနာရှင်များက စစ်ဘေးရှောင်ပြည်သူများအတွက်  ပြည်သူမှ ပြည်သူသို့ ပေးပို့လှူဒါန်းထားသော စားနပ်ရိက္ခာ ဆန်အိတ် ၈၀ ခန့်အပါအဝင် ဆေးဝါးပစ္စည်းများနှင့် ကယ်ဆယ်ရေးထောက်ပံ့ရေးဆောင်ရွက်ရာတွင် အသုံးပြုနေသည့် လူနာတင်ကားတစ်စီးကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဓါတ်ပုံအထောက် အထားများနှင့်တကွ ကနဦးသတင်းရရှိပါသည်။

၂။ ထို့အတူ ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စစ်ဘေး ရှောင်ပြည်သူများနှင့် အတိဒုက္ခရောက်နေကြသည့် ဘေးသင့်ပြည်သူများအား နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့ပေးနေသော လူမှုအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း စစ်ကောင်စီတပ်များက အကြောင်းမဲ့ ဖမ်းဆီးအရေးယူခြင်း၊ အကြမ်းဖက်ခြင်း၊ ကူညီကယ်ဆယ်ရေးပစ္စည်းများကို လုယက်ဖျက်ဆီးခြင်းနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပိတ်ဆို့တားဆီးခြင်းတို့ကို အစဉ်တစိုက် ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိနေရသည်။

၃။ စစ်ကောင်စီတပ်များ၏ ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များသည် မြန်မာနိုင်ငံက လက်မှတ် ရေးထိုးထားသော The Fourth Geneva Convention Relative to the Protection of Civilian Persons in Time of War of 12 August 1949 ၏ Article 3 ကို တိုက်ရိုက်ချိုးဖောက်ကျူးလွန်နေခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့ကာကွယ်ရေး အက်ဥပဒေ ၁၉၅၉ ပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက်ရာရောက်ပါသည်။

၄။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၁ခုနှစ်၊ မေ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အဦများကို အကာအကွယ်ပေးရန်နှင့် ဘေးကင်းပြီး တားဆီးပိတ်ဆို့မှု မရှိသည့် လူသားချင်းစာနာမှုအကူအညီများကို သွားလာခွင့်ပေးရန်ဆိုသည့် တိုက်တွန်းချက်ကိုလည်း    လုံးဝ လျစ်လျူရှု၍ ကျူးလွန်ဖောက်ဖျက်နေခြင်းဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ကလည်း ကယားပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ၏ လူသားချင်းစာနာမှု အကူအညီများကို စစ်ကောင်စီ တပ်သားများက တားဆီးပိတ်ဆို့ခြင်းများ ဆောင်ရွက်နေသည့်အပေါ် သတိပြု စိုးရိမ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၅။ သို့ဖြစ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများကို ပိတ်ဆို့ဖျက်ဆီးခြင်း၊ လူသားချင်းစာနာမှုကိုပြသရန် ရည်ရွယ်ချက်ဖြင့် အကူအညီပေးအပ်ရန် ကြိုးပမ်းဆောင်ရွက်နေသူများကို ဖမ်းဆီးနှောင့်ယှက်ခြင်း အစရှိသည့် ဖောက်ဖျက်ကျုးလွန်မှုများကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီ၏ အဆိုပါလူမဆန်သည့်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန် အတွက်  ဆက်လက်ဖိအားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။