သတင်းထုတ်ပြန်ချက် (၄/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

www.nugmyanmar.org

သတင်းထုတ်ပြန်ချက် (၄/၂၀၂၁)

၁၀ ဇွန်လ ၂၀၂၁ခုနှစ်

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက တရားရေဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို ထပ်မံဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသော ပြည်ထောင်စုဝန်ကြီးများကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က အတည်ပြုခန့်အပ်ပေးခဲ့သည်။ ၁

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ “အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်အဖွဲ့အစည်းများကြေညာခြင်း” ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၃/၂၀၂၁) ၂ ကို ၇ ဇွန် ၂၀၂၁ခုနစ် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်တွင် အောက်ပါအချက်များပါဝင်သည်။

စစ်ကောင်စီ၏ တပ်မတော်နှင့် ၎င်း၏အပေါင်းအပါအဖွဲ့အစည်းများသည်

- အရပ်သား ၈၀၀ ကျော်ကို သေစေနိုင်သောလက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း

-  လူပေါင်း ၅၀၀၀ ကျော်အား မတရားဖမ်းဆီးချုပ်နှောင်ထားပြီး၊ အများစုမှာ အနှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခြင်း

- ဘဏ်စနစ်ပြိုလဲလုနီးပါးအခြေအနေဖြင့် တိုင်းပြည်စီးပွားရေးကိုချွတ်ခြုံကျစေပြီး အများပြည်သူ၏ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာတို့အားပျက်စီးစေခြင်း

- စားနပ်ရိက္ခာအကျပ်အတည်းကို လျစ်လျူရှုထားပြီး မကြာခင်ကာလများအတွင်း စားနပ်ရိက္ခာ အကျပ်အတည်း၏ ရိုက်ခတ်မှုကိုကြုံတွေ့ရမည့် လူပေါင်း (၁) သန်းမှ (၃) သန်းအထိ မြင့်မားသွားနိုင်ခြေရှိခြင်း

- မြန်မာနိုင်ငံ၏ COVID CERP အစီအစဉ်ကို ပစ်ပယ်လိုက်ခြင်းဖြင့် တိုင်းပြည်၏ ကျန်းမာရေးကဏ္ဍ ကျဆုံးသွားခြင်း။

- ငွေကြေးခဝါချမှု လုပ်ငန်းကြီးများပြုလုပ်ခြင်း 

စသည်တို့ကို ကျူးလွန်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)သည် စစ်ကောင်စီ၏တပ်မတော်နှင့် ၎င်းနှင့်ဆက်စပ်လျက် ရှိသော အဖွဲ့အစည်းများအား မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၃) အရ အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။ မြန်မာနိုင်ငံဥပဒေတွင် အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် “အများပြည်သူ၏ လုံခြုံရေးကိုဖြစ်စေ၊ အသက် အိုးအိမ်စည်းစိမ်ကိုဖြစ်စေ၊ ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်သည့် ပြစ်မှုများ” ကို ကျူးလွန်လျှင် ဥပဒေအရ အကြမ်းဖက်မှုမြောက်သည်။ 

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ “Non-CDM များနှင့်ပတ်သက်သော သဘောထားကြေညာချက်” ခေါင်းစဉ်ဖြင့် ကြေညာချက်အမှတ် (၄/၂၀၂၁) ၃ ကို ၈ ဇွန် ၂၀၂၁ခုနစ် နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် Civil Disobedience Movement (CDM) - အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားနေကြသော တော်လှန်ရေးသူရဲကောင်းများအား ဤနေရာမှ လေးစားစွာ ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း၊  အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကိုယ်တိုင်က CDM ပြုလုပ်ခြင်းမရှိသည့်အပြင် CDM ပြုလုပ်သူများအား အနိုင့်အထက်ပြု ခြိမ်းခြောက်အကြပ်ကိုင်လျက်ရှိသော ဝန်ထမ်းဆိုးများကို စနစ်တကျ စာရင်းပြုစုလျက်ရှိသလို၊ Non-CDM များ၊ CDM များ ၏ စာရင်းများကို CDM ပြုလုပ်သည့် အချိန်ကာလပေါ်မူတည်၍ အဆင့်များခွဲခြားကာ စနစ်တကျ စာရင်းပြုစုလျက်ရှိပြီး စစ်အာဏာရှင် ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်သည့်အချိန်တွင် အဆိုပါ စာရင်းများအပေါ်မူတည်၍ တရားသော စီရင်ဆောင်ရွက်မှုများကို တိကျစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်တို့ပါဝင်သည်။

၄။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ mohai.nugmyanmar.org ကို ထုတ်လွှင့်လိုက်ပြီး အဆိုပါ အင်တာနက်စာမျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီ၏လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူသားများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားမျတမှုအောက်သို့ခေါ်ဆောင်ပြီး ပြည်တွင်းတရားရုံးများနှင့် နိုင်ငံတကာရာဇဝတ် ခုံရုံးများတွင် ကြီးလေးသောပြစ်ဒဏ်ပေးနိုင်ရန် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကာကွယ်နိုင်ရန် နှင့် အသွင်ကူးပြောင်းမှုကာလ တရားမျှတမှုကို ဆောင်ရွက်နိုင်ရန်အတွက် ကျူးလွန်ခံရသူများအနေဖြင့် အထောက်အထားအပြည့်အစုံနှင့်တကွ တိုင်ကြားနိုင်သည့် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးထားပြီး ထိုသို့ တိုင်ကြားနိုင်ကြောင်း ကြေညာချက်တစ်ရပ်၄ လည်း ထုတ်ပြန်ခဲ့သည်။

၅။ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက CDM ပြုလုပ်နေကြသော ပြည်သူ့ဝန်ထမ်းများနှင့်ပတ်သက်သည့် ကြေငြာချက်အမှတ် ၁/၂၀၂၁ကို၅ ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၈)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် CDM ပြုလုပ်၍ ရုံးတက်ပျက်ကွက်သည့် ဝန်ထမ်းများအား ၁၅-၂-၂၀၂၁ ရက်နေ့မှစ၍ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၁၇၁ အရ တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အမိန့်ကြော်ငြာစာ အသီးသီး ကို လက်ရှိ စစ်ကောင်စီ၏ အမိန့်နာခံသည့် ဌာနတာဝန်ရှိသူများမှ မတရား ထုတ်ပြန်ခဲ့ကြောင်း၊ ယခင်အစိုးက ထုတ်ချေးထားသော (၂) လစာချေးငွေနှင့် အချို့သောဝန်ထမ်းများအား အလုပ်ခန့်ထားစဉ်က ဝန်ထမ်းခန့်ထားရေး မူအရ ချုပ်ဆိုထားသော ကတိဝန်ခံချက်စာချုပ်သက်တမ်း မပြည့်သေးသည့် အကြောင်းပြချက်ဖြင့် စာချုပ်အရ လျော်ကြေး ငွေများကို (၂)ပတ်အတွင်း နောက်ဆုံးထားပေးသွင်းရန်နှင့် ပျက်ကွက်ပါက တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဝန်ထမ်းအချို့အားစာဖြင့် ခြိမ်းခြောက်နေကြောင်း၊ ထိုသို့ ခြိမ်းခြောက်နေခြင်းနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ချေးငွေများအား ပြန်လည်ပေးဆပ်ရန် မလိုအပ်သော ချေးငွေများအဖြစ် ၂ ကြိမ်တိုင်တိုင်ကြေညာကြောင်း၊ သို့ဖြစ်ပါ၍ စစ်ကောင်စီ၏ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင်ချက်များအား ရှုတ်ချပါကြောင်းနှင့် CDM ဝန်ထမ်းများအနေဖြင့် (၂) လစာ ချေးယူငွေများ နှင့် လုပ်သက်စာချုပ်လျော်ကြေးများအား ပေးလျော်ရန် မလိုအပ်ကြောင်း စသည့်အချက်များပါဝင်ပါသည်။ 

၆။ အသစ်ဖွဲ့စည်းလိုက်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက “လျှပ်စစ်ဓာတ်အားခများကောက်ခံနေမှု နှင့် ပတ်သက်၍ သတိပေးထုတ်ပြန်ခြင်း။” အကြောင်းအရာနှင့်ပတ်သက်သော အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁) ၆ ကို ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတိပေးထုတ်ပြန်မှုတွင် CRPH ၂၀၂၁ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ (က) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ်အားလုံးအတွက် ခြွင်းချက်မရှိ ကင်းလွတ်ခွင့်(အခမဲ့)ပြုခြင်း (ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခ ကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများ ကောက်ခံခြင်းကို သုံးစွဲမှုယူနစ်အားလုံးအတွက် ခေတ္တဆိုင်းငံ့ခြင်း တို့ကို ဝန်ကြီးဌာနအနေဖြင့် ဆက်လက်အတည်ပြုကြောင်း၊ လျှပ်စစ်မီတာခများ ကောက်ခံနေမှု၊ ပြည်သူလူထုအား ခြိမ်းခြောက်နေမှုကို လုံးဝရန်ဆိုင်းရန်၊ နိုင်ငံတော်အစိုးရ၏ ကြေညာချက်အတိုင်း ဓါတ်အားခမပေး ဆောင်ကြသည် ဖြစ်စေကာမူ လျှပ်စစ်ဆိုင်ရာ ဝန်ဆောင်မှုများအား ကောင်းမွန်စွာစောင့်ရှောက်ကြရန် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE)၊ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေရှင်း(YESC) နှင့် မန္တလေးလျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း(MESC) တို့၏ဝန်ထမ်းများနှင့် ဌာနနှင့်ပူးပေါင်းဆောင်ရွက်နေသော Franchise လုပ်ငန်းများ၏ ဝန်ထမ်းများကို ညွှန်ကြားလိုက်ကြောင်း၊ ညွှန်ကြားချက်များအား မလိုက်နာသော ညွှန်ကြားသူ၊ လက်တွေ့လုပ်ဆောင်သူ စသည့် တာဝန်ရှိသူ တစ်ဦးချင်းသည် နိုင်ငံ့ဝန်ထမ်းဥပဒေအရလည်းကောင်း၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂/၁၂၄ ပါအတိုင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာ ဖောက်ဖျက်ပုန်ကန်မှုအဖြစ်လည်းကောင်း၊ အများပြည်သူအကျိုးစီးပွားစောင့်ရှောက်ရေး ဥပဒေအရလည်းကောင်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Franchise ကုမ္ပဏီများသည်လည်း အမည်ပျက်စာရင်း(Blacklist) သွင်းခံရမည်ဖြစ်ကြောင်းကို သတိပေးကြောင်း စသည်တို့ပါဝင်ပါသည်။ 

၇။ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးထံသို့ စာတစ်စောင် ၇ ပေးပို့ခဲ့သည်။ အဆိုပါစာတွင် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်သံရုံး၏ ဇွန်လ (၅) ရက်နေ့က စစ်ကောင်စီ ခေါင်းဆောင်နှင့် တရုတ်သံအမတ်ကြီးတို့ တွေ့ဆုံသည့်အကြောင်း သတင်းထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်အား မြန်မာနိုင်ငံ၏ “ခေါင်းဆောင်” အဖြစ် ရည်ညွှန်းသည့်အပေါ် ရှုံ့ချကြောင်း၊ ၎င်းသည် နိုင်ငံ၏ တရားဝင်ခေါင်းဆောင်မဟုတ်ကြောင်း၊ တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် နှစ်သုံးဆယ်ပြည့် အခမ်းအနား ပွဲများကို စီစဉ်ကျင်းပရာတွင် တရုတ်နှင့် အာဆီယံနှစ်ဦးလုံးသည် အမျိုးသားညီညွတ်ရေး အစိုးရနှင့် ဆွေးနွေးရန် ပျက်ကွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ လန်ကန်-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး (LMC) ၏ ပူးတွဲသဘာပတိ ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်မှ အမျိုးသား ညီညွတ်ရေးအစိုးရအား တိုင်ပင်ဆွေးနွေးရန် ပျက်ကွက်ခဲ့ကြောင်း၊ မင်းအောင်လှိုင်က နိုင်ငံအတွင်း တည်ငြိမ်မှု ရမှသာ အာဆီယံ၏ ကြိုးပမ်းမှုများကို စတင်နိုင်ကြောင်း ပြောကြားချက်ကို တရုတ်နှင့် အာဆီယံတို့က ပြင်းထန်စွာ ငြင်းပယ်သင့်ကြောင်း စသည်တို့ ပါဝင်သည်။ 

၈။ “အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဇွန်လ ၁၁ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပပြုလုပ်မည့်  G7  ကမ္ဘာထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမည့်အစည်းအဝေးတွင်  မြန်မာနိုင်ငံ၏အရေးကိစ္စကို ဆွေးနွေးအဖြေရှာ ကူညီကြပါရန် NUG အနေနှင့်တောင်းဆိုထားသော စာကို ဗြိတိသျှဝန်ကြီးချုပ်ဆီပေးပို့ခဲ့ပြီး တက်ရောက်လာမည့် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များထံ ဖြန့်ဝေပေးရန် တောင်းဆိုထားကြောင်း၊ G7 အစည်းအဝေးမှ ထွက်ပေါ်လာသော ရလာဒ်များကို ဗြိတိသျှလွှတ်တော်တွင်  ဆက်လက်ဆွေးနွေးပေးရန် တောင်းဆိုထားကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းကလည်း G7 အစည်းအဝေးအတွက် NUG ၏သတင်းစကားကို ပေးပို့ထားပြီးဖြစ်ပါကြောင်း” အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ ပြောကြားထားပါသည်။ 

၉။ “မတ်လ (၁၃) ရက်နေ့မှာ ဗြိတိသျှ လွှတ်တော်သို့ ကျွန်တော် ပန်ကြားခဲ့တဲ့ ကိစ္စရပ်များကို အလေးအနက်ထား တုန့်ပြန်သောအားဖြင့် ဗြိတိန်နိုင်ငံ၏ အာရှရေးရာဝန်ကြီး နီဂယ်အဒမ် က စစ်အာဏာရှင်ဒဏ်ကို ခံစားနေရတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာနှင့် နားခိုရာနေရာ စသည့် လူသားချင်းစာနာ ထောက်ထားသည့် ကိစ္စများမှာ ကူညီဖို့ ပေါင် (၂၈) သန်း လျာထားပြီး ဖြစ်ပါတယ်။ ပါတီစုံမှ ဗြိတိသျှ လွှတ်တော်အမတ် (၆) ဦး လတ်မှတ်ထိုးပြီး အမျိုးသားညီညွတ်ရေး အစိုးရကို ယူကေအစိုးရအနေနဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုပေးခဲ့ကြတာကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဆာဆာက ပြောကြားခဲ့ပါသည်။

၁၀။ “COVID 19 ရောဂါတတိယလှိုင်းနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက ထိရောက်သော ထိမ်းချုပ်မှုကို ပေးနိုင်မည်မဟုတ်သည်မှာသေချာသောကြောင့် ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်း အနေနဲ့ ကာကွယ်ခြင်း၊ 

အိမ်တွင်သီးခြားနေထိုင်ခြင်း ၈၊ တစ်ဦးကို တစ်ဦး အသိပေးခြင်း သတိပေးခြင်း စသည့် ထိမ်းချုပ်ကာကွယ်မှုများ၉ ကိုလိုက်နာဆောင်ရွက်ခြင်းသည်သာ မြန်မာပြည်အတွက် အကောင်းဆုံး၊ အထိရောက်ဆုံး ဖြစ်သည်” ဟု အမျိုးသား ညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားထား သည်။ 

၁၁။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့် ယခုအပတ်အတွင်း တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးသို့ ငွေကျပ် သိန်း ၄၇၀ခန့် တန်ဖိုးရှိ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခဲ့သည်။ ထို့အပြင် ချင်းပြည်နယ် နှင့် ကရင်နီ ပြည်နယ်များအတွက် လူသားချင်းစာနာမှုအကူအညီများ ဆက်လက်ပေးအပ်နိုင်ရန် ဦးဆောင်စီစဉ်လျက်ရှိပါသည်။

အသေးစိတ်သိရှိလိုပါက လေ့လာရန် လင့်ခ်များ

၁။ https://www.facebook.com/NUGmyanmar/posts/124277356459571

၂။ https://www.facebook.com/NUGmyanmar/posts/124907459729894

၃။ https://www.facebook.com/NUGmyanmar/posts/125196859700954

၄။ https://www.facebook.com/NUGmyanmar/posts/125085656378741

၅။ https://www.facebook.com/NUGmyanmar/posts/125136659706974

၆။ https://www.facebook.com/NUGmyanmar/posts/125244489696191

၇။ https://www.facebook.com/NUGmyanmar/posts/124952289725411

၈။ https://www.facebook.com/MoHNUGMyanmar/posts/149578503868431

၉။ https://www.facebook.com/MoHNUGMyanmar/posts/149558040537144