သတင်းထုတ်ပြန်ချက် (၃/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 အမျိုးသားညီညွတ်ရေးအစိုးရ

 www.nugmyanmar.org

သတင်းထုတ်ပြန်ချက် (၃/၂၀၂၁)

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာန (၁၃) ခု၏ အမှတ်တံဆိပ်များ နှင့် မူဝါဒများ၊ လုပ်ငန်းစဉ်များကို အတည်ပြုခဲ့ပြီးဖြစ်သည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်အင်တာနက်စာမျက်နှာ(Website)ဖြစ်သော https://nugmyanmar.org ကို ထုတ်လွှင့်လိုက်ပြီဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန တို့၏ အင်တာနက်စာမျက်နှာ(Website) များလဲ ပါဝင်ပါသည်။ ကျန်ရှိနေသေးသော ဝန်ကြီးဌာနများ၏ အင်တာနက်စာမျက်နှာ(Website) များကိုလဲ မကြာမီအချိန်အတွင်း ဆက်လက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ပါသည်။ 

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ရိုဟင်ဂျာများနှင့်ပတ်သက်၍ ထားရှိသည့် သဘောထားထုတ်ပြန်ချက် ၁ ကို ယနေ့ထုတ်ပြန်လိုက်သည်။ ယခုထုတ်ပြန်ချက်တွင် ရိုဟင်ဂျာပြည်သူအား “ရိုဟင်ဂျာ” ဟူသော အမည်ဖြင့်သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပယ်ဖျက်၍ နိုင်ငံသားစံနှုန်းများကို အခြေခံရေးဆွဲသော ဥပဒေသစ်ဖြင့် အစားထိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာများနှင့် အခြားပြည်သူတို့အပေါ် ဆယ်စုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ အပြစ်ရှိသည့် စစ်တပ်၏ တာဝန်ခံမှုများကိုဖော်ဆောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း များပါရှိသည်။

၄။ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်မကွေးတိုင်းတို့မှ အိမ်ယာစွန့်ခွာရွှေ့ပြောင်းရသူများမှာ မေလ ၂၇ ရက်နေ့အထိ ၈၃၉၀၀ အထိရှိနေပြီဖြစ်ပြီး ကရင်နီပြည်နယ် စစ်ဘေးရှောင်စခန်းများတွင် မေလ ၂၉ ရက်နေ့အထိစာရင်းအရ ၈၀၀၀၀ ကျော်ရှိသွားပြီဖြစ်ပါသည်။ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့်  ကရင်၊ ကရင်နီ၊ ရန်ကုန်၊ ရှမ်း၊ ကချင်၊ မွန်၊ ချင်း၊ မန္တလေး၊ တနင်္သာရီ ဒေသများမှ နေရပ်စွန့်ခွာထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အနေနှင့် သိန်း ၃၀၀၀ ခန့်တန်ဖိုးရှိ အကူအညီများပေးပို့ခဲ့ပြီးဖြစ်သည်။ 

၅။ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ အခြေခံမူဝါဒ ၂ , စစ်သည်တော် ကျင့်ဝတ်စည်းမျဉ်းများ၊ စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များ၊ အရပ်သားပြည်သူများနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိုက်နာရမည့် ကျင့်ဝတ်များပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ၃ ၊  တပ်မတော်သားများနှင့် သက်ဆိုင်သည့် မူဝါဒသဘောထားကြေညာချက် ၄ များကို ထုတ်ပြန်ခဲ့သည်။ 

၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့အကြား အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ကျင့်သုံးရေးအတွက် နှစ်ဖက်သဘောတူညီချက်ကို ယနေ့ မေလ ၂၉ ရက်တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ပါသည်။ ၅

၇။ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ သဘောထားမှာ ပြည်သူသည်သာအဓိက၊ ပြည်သူ့ ကျန်းမာရေးသည် ပထမဖြစ်ပါသည်။ ကိုယ်ကျိုးစွန့်လျက်၊ အသက်ပေးလျက် ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်ပေး နေကြသော ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုပါသည်။ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ရန် လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိပါသည်။ လူတစ်ဦးချင်းစီနှင့် မိသားစုတစ်စုချင်းစီက ရောဂါကာကွယ်ရေး လုပ်ငန်းများ တိကျစွာလိုက်နာရန်၊ ရောဂါသံသယလက္ခဏာရှိသူများနှင့် မပြင်းထန်သော လူနာများ ဆောင်ရွက်ရန် လုပ်ငန်းများ၊ ပြင်းထန်သော လက္ခဏာရှိသည့် လူနာများအတွက် လုပ်ငန်းအဆင့်ဆင့်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ဖေစ့်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားပြီး ပြည်သူများ သိရှိသင့်သည့်အချက်များကို အချိန်နှင့် တပြေးညီ ဖော်ပြသွားမည်ဖြစ်ပါသည်။ သံသယလူနာများ (၂၄)နာရီ ပြသနိုင်ရန် တယ်လီကျန်းမာစင်တာများကို ဖွင့်လှစ်၍ ကုသအကြံပေးသွားမည်ဖြစ်ရာ သတင်းထပ်မံထုတ်ပြန်သွားမည်ဖြစ်ပါသည်။ ကာကွယ်ခြင်းက ကုသခြင်းထက် အဆပေါင်းများစွာ ကောင်းမွန်သဖြင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို တစ်ဦးကိုတစ်ဦး အသိပေး၊ သတိပေး၍ သတိမလစ် ဆောင်ရွက်ရန် လိုပါသည်။

၈။ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသားများအတွက် ကျန်းမာရေးဝန်ကြီး၏ လမ်းညွှန်မှုနှင့်အညီ UK ရောက်မြန်မာဆရာဝန်များမှ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့ online zoom lecture များကို၂၉-၃၀ မေလ weekend မှစတင်ပို့ချပေးလျက်ရှိပါသည်။ မြန်မာပြည်ရှိ CDM လုပ်နေသောဆရာများ၊ US နှင့် Australia ရောက်မြန်မာဆရာဝန်များနှင့် ပူးပေါင်း၍ သင်ခန်းစာ အချိန်များကို တိုးချဲ့သွားပါမည်။ ပထမနေ့တွင် zoom သတ်မှတ်ထားသော ၁၀၀၀ ပြည့်သွားသောကြောင့် ဒုတိယနေ့တွင် zoom live အပြင် ကျန်းမာရေးဝန်ကြီးဌာန Facebook page မှ live လွှင့်ရာ ကျောင်းသား ၂၀၀၀ ကျော်တက်ရောက်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆေးတက္ကသိုလ်များ ၏ သင်ရိုးညွှန်းတမ်းနှင့် UK ဆေးတက္ကသိုလ်များ (Leeds, Nottingham, Manchester, etc.) သင်ရိုးညွှန်းတမ်းအပေါ်အခြေခံ၍ ယနေ့မြန်မာပြည်အခြေအနေပေါ်မူတည်၍ သင်ကြားပြီး Emergency အခြေအနေ များကို ရှေးဦးစွာ ဦးစားပေးသင်ကြားပါမည်။ အပတ်စဉ် သင်ကြားမည့် အစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာန Facebook page ၅ မှ အချိန်နှင့် တပြေးညီ အသိပေးကြေညာပေးသွားမည်ဖြစ်ပါသည်။

၉။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေဖြင့် Total ကုမ္ပဏီမှ အကြမ်းဖက်စစ်ကောင်စီသို့ စီးဝင်နေသော ဝင်ငွေတစ်စိတ်တစ်ပိုင်းဖြစ်သည့် အမြတ်ငွေခွဲဝေမှုအား ရပ်ဆိုင်းလိုက်သည့်အတွက် ကြိုဆိုပါသည်။ အဆိုပါအမြတ်ငွေများသည် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအတွက် အဓိကအထောက်အပံ့ပြုနေသော ဝင်ငွေများ ဖြစ်ပါသည်။ ယခုရပ်ဆိုင်းလိုက်သည့် အမြတ်ငွေသည် TOTAL ကုမ္ပဏီမှ အကြမ်းဖက်စစ်ကောင်စီထံသို့ စီးဝင်နေသော စုစုပေါင်းဝင်ငွေနှင့် နှိုင်းစာလျှင် မပြောပလောက်သည့် ပမာဏသာဖြစ်သည့်အတွက် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ရရှိမြဲဝင်ငွေအများအပြားကို ဆက်လက်ရရှိနေမည်သာဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်ယန္တရားအား ဆက်လက်လည်ပတ် နေမည်သာဖြစ်သည်။ ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီများအား အထူးတိုက်တွန်းလိုသည်မှာ အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်ရေးအတွက် အဓိက ကျသည့် ရေနံနှင့်သဘာဝဓါတ်ငွေ့ရောင်းချရသည့်ဝင်ငွေများအား ထိရောက်စွာ အမြန်ဆုံးဟန့်တားပိတ်ဆို့ဖြတ်တောက် အရေးယူကြရန် ဖြစ်သည်။

ပိုမိုသိရှိလိုပါက လေ့လာရန် လင့်ခ်များ

၁။ https://www.facebook.com/NUGmyanmar/posts/123716479848992

၂။ https://www.facebook.com/NUGmyanmar/posts/120535930167047

၃။ https://www.facebook.com/NUGmyanmar/posts/121454170075223

၄။ https://www.facebook.com/NUGmyanmar/posts/123219533232020

၅။ https://www.facebook.com/MoHNUGMyanmar