NUGဖက်ဒရယ်ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တော် ပညာဝန် မစ္စတာ ဂျိုဟီးယွန် တွေ့ဆုံ

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁၉)ရက်၊ ဗုဒ္ဓဟူးနေ့



ကိုရီးယား သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းအား ယနေ့ ကိုရီးယားဒေသ စံတော်ချိန် မနက် (၁၁)နာရီ အချိန်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ ဆိုလ်းမြို့တော်၏ ပညာဝန် မစ္စတာ ဂျိုဟီးယွန်(MR-CHO HEE YEON) က ဆိုလ်းမြို့တော် အစိုးရ ပညာဝန်ရုံး ခန်းမဆောင်တွင်  တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ မြန်မာပြည်သူလူထု၏  အသက်သေခံပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများ၊ နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုများ၊ ပြည်သူလူထုသည် စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံနေကြရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုများ၊ ကျောင်းသားလူငယ်မျိုးဆက်သစ်များ၏ အနာဂတ်ပျောက်ဆုံးနေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆိုလ်းမြို့ပညာဝန်ကလည်း မြန်မာ့နိုင်ငံရေးအခြေအနေများကို မျက်ခြေမပြတ်လေ့လာနေသဖြင့် အားလုံးကို သိရှိနားလည်စာနာမိကြောင်း၊ လူသားချင်းစာနာထောက်မှု အထောက်အပံ့အနေဖြင့်လည်း မိမိတို့ စဉ်ဆက်မပြတ်စစ်ဘေးရှောင်ဒေသများသို့ တိုက်ရိုက် လှူဒါန်း ထောက်ပံ့နေကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များကို အကူအညီပေးနိုင်မည့် နည်းလမ်းများကို အမြဲရှာဖွေ စဉ်းစားလျက်ရှိကြောင်း ပြန်လည်ပြောဆိုခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ မိမိတို့ NUG အစိုးရအနေဖြင့်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးသည့် ဒေသများအနက် ချင်းပြည်နယ်တခုတည်းမှာပင် စာသင်ကျောင်းပေါင်းများစွာကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး၊ အွန်လိုင်းမှတဆင့် စာသင်ကြားမှုများကိုလည်း ပြုလျက်ရှိနေကြောင်း ရှင်းပြခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးက  NUG အစိုးရမှ ဖွင့်လှစ်သည့်ကျောင်းတိုင်းတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံသဘောတရားများကိုပါ ထည့်သွင်းသင်ကြားပေးနေကြောင်း၊ အနာဂတ်မျိုးဆက်လူငယ်များ၏ ပညာသင်ကြားရေး ပြတ်တောက်သွားမှုမရှိစေရန် အစွမ်းကုန် ကြိုးစားလျက်ရှိနေကြောင်းနှင့် နည်းပညာအ ထောက်အကူပြုပစ္စည်းများ လိုအပ်နေမှုများကို ရှင်းလင်းပြောပြရာ ဆိုလ်းမြို့ပညာဝန်မှ NUG အစိုးရမှ အခက်အခဲများကြားမှ မြန်မာလူငယ်များ၏ အနာဂတ်အတွက် ကြိုးစားအားထုတ်နေမှုများကို ကြားသိရ၍ ပညာရေးကို အထူးအားပေးသော မိမိတို့ အနေဖြင့် ဝမ်းသာမိကြောင်း၊ NUG မှ ဖွင့်လှစ်ထားသော ကျောင်းများသာမက Refugee Camp များတွင် ရောက်ရှိနေသော ဒုက္ခသည်ကျောင်းသားလူငယ်များအတွက်ပါ လိုအပ်သော နည်းပညာအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ကူညီနိုင်ရေးအတွက် အမြန်ဆုံးနည်းလမ်းများရှာဖွေသွားမည်ဖြစ်သလို online ပညာရေးစနစ် တိုးတက်ဖွံ့ဖြိုးရေးအတွက်လည်း ဘက်ပေါင်းစုံမှကူညီသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်။

အထက်ပါကိစ္စရပ်များအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကိုရီးယားပညာရေးအဖွဲ့ အစည်းများ၊ မြန်မာ့နိုင်ငံရေးစိတ်ဝင်စားကြသည့် ကိုရီးယားအစိုးရပိုင်းမှ တာဝန်ရှိသူများ၊ NUG အစိုးရအဖွဲ့မှ ပညာရေးတာဝန်ခံများကို Network သဏ္ဍာန် ချိတ်ဆက်ပြီး ကိုရီးယား NUG ကိုယ်စားလှယ်ရုံးမှတဆင့်  ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားကြရန် သဘောတူညှိနှိုင်းမှုများကို ရရှိခဲ့ပါသည်။