NUG ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည် ကိုရီးယားနိုင်ငံတော်သုတေသနကောင်စီ ဥက္ကဌနှင့် တွေ့ဆုံ

၂၀၂၂၊ အောက်တိုဘာလ (၁၉)ရက်၊ဗုဒ္ဓဟူးနေ့



ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖက်ဒရယ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည်  ၂၀၂၂ ခုနှစ် အောက်တိုဘာလ(၁၉)ရက် ဗုဒ္ဓဟူးနေ့ ကိုရီးယားဒေသစံတော်ချိန်  ညနေ (၄) နာရီ (၃၀) မိနစ်အချိန်တွင် ကိုရီးယားသမ္မတနိုင်ငံတော်၏ အစိုးရဆိုင်ရာ နိုင်ငံတော်သုတေသန ကောင်စီ၏ ဥက္ကဋ္ဌ မစ္စတာ ဂျောင်ဟဲဂူး(MR- JUNG HAE GU) နှင့် တွေ့ဆုံကာ မြန်မာအရေးအား ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ လက်ရှိ 

မြန်မာ့နိုင်ငံအရေးနှင့် ပက်သက်ပြီး ကိုရီးယားနိုင်ငံတော်သုတေသနကောင်စီ၏ စိတ်အားထက်သန်စွာ ဝိုင်းဝန်းကူညီအားပေးမှုအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတော်တွင် မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်၏ လူမဆန်သော လုပ်ရပ်များကြောင့် လူငယ်များ၊ တက္ကသိုလ်ကျောင်းသူကျောင်းသားများနှင့် ကလေးသူငယ်များ ကျောင်းဆက် မတက်နိုင်မှုသည် အထူး စိုးရိမ်စရာဖြစ်နေကြောင်းနှင့် မြန်မာနိုင်ငံအနာဂတ်အတွက် ပညာရေးသည် အဓိကကျသောအရာအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရမှ သတ်မှတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ကိုရီးယားနိုင်ငံတော်နှင် နိုင်ငံတော်သုတေသနကောင်စီအနေဖြင့်  ကူညီထောက်ပံ့နိုင်မည့် နည်းလမ်းများကို ရှင်းလင်းပြောပြခဲ့ပါသည်။

ကိုရီးယားနိုင်ငံတော်သုတေသနကောင်စီ ဥက္ကဋ္ဌကလည်း မိမိတို့ သုတေသနကောင်စီအနေဖြင့် မြန်မာဒီမိုကရေစီအရေးကို အစဉ်မပြတ် စောင့်ကြည့် လေ့လာနေသည်မှာ အတော်ကြာပြီ ဖြစ်ကြောင်း၊ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီမှ ဖျက်စီးနေသောမြန်မာ့ပညာရေးကို သူတို့အနေနဲ့ ကူညီထောက်ပံ့နိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေလျှက်ရှိနေကြောင်း၊ ဝန်ကြီးအား အခုလို လူချင်းဆုံတွေ့နိုင်ခွင့်ရသည်ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းအား ပြောကြားကာ နောင် အနာဂတ်တွင်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကိုရီးယားနိုင်ငံတော် သုတေသနကောင်စီ၏ အတူတွဲဘက် လုပ်ဆောင်မည့် လုပ်ငန်းအတွက် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ 

ထို့နောက် ဝန်ကြီးနှင့်ဥက္ကဌတို့မှ  အမှတ်တရပစ္စည်းများ အပြန်အလှန် ပေးအပ်ခြင်း၊ ရင်းနှီးစွာ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်းကို ပြုလုပ်ပြီး ဆွေးနွေးပွဲအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

(ကိုရီးယား နိုင်ငံတော် သုတေသန ကောင်စီသည် ကိုရီးယားအစိုးရ၏ အဓိကကျသော နိုင်ငံတော် သုတေသနပြု ဌာနဖြစ်ပြီး၊ အရှေ့တောင်အာရှအရေးနှင့် ပညာရေးနယ်ပယ် တိုးတက်ရေးအတွက် ထဲထဲဝင်ဝင် လှုပ်ရှားနေသော အဖွဲ့အစည်းဖြစ်ပါသည်)