NUGအစိုးရ၏ ဖယ်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီး ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း ကိုရီးယား ဒီမိုကရေစီဖောင်ဒေးရှင်း ဒုဥက္ကဌ MR.KANG SEONG GU နှင့် တွေ့ဆုံ

NUGအစိုးရ၏ ဖယ်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းသည်  ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့များအတူလိုက်ပါလျှက် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၀)

ရက် ကြာသပတေးနေ့တွင် ဂယောင်ဂီဒိုပြည်နယ် အွီးဝမ်းမြို့ရှိ ကိုရီးယား ဒီမိုကရေစီဖောင်ဒေးရှင်း ရုံးချုပ်သို့ သွားရောက်လည်ပတ်ပြီး ဒုဥက္ကဌ MR.KANG SEONG GU နှင့် တွေ့ဆုံပြီး ရင်နှီးပွင့်လင်းစွာဖြင့်  မြန်မာ့အရေး 

ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ 

ကိုရီးယားဒီမိုကရေစီဖောင်ဒေးရှင်းအား ၂၀၀၁ခုနှစ်တွင် တောင်ကိုရီးယားလွှတ်တော်မှနေ၍ ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားခဲ့မှုများအား စနစ်တကျမှတ်တမ်းပြုစုနိုင်ရန် ရည်ရွယ်ပြီး ဥပဒေပြဌာန်းကာ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနအောက်ရှိ ပြည်သူပိုင် ဖောင်ဒေးရှင်း တစ်ခုအနေနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကိုရီးယား ဒီမိုကရေစီ လှုပ်ရှားမှုများနှင့် သက်ဆိုင်သည့် အချက်လက်ပေါင်း (၁.၉)သန်းခန့်ကို စုဆောင်းထားနိုင်ခဲ့ပြီး ဒီမိုကရေစီ ပြန့်ပွားရေးနှင့် သက်ဆိုင်သည့် ပြည်သူ့ ပညာ‌ပေး အစီအစဉ်များနှင့် ဆွေးနွေးသုံးသပ်မှုများကို အရပ်ဖက်ဖွဲ့စည်းများ တက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

NUG အစိုးရ၏ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် ဖိနှိပ် သတ်ဖြတ်မှုကြောင့် အတိဒုက္ခရောက်နေကြရသည့် မြန်မာပြည်သူများနှင့် မြန်မာပြည်၏ အခြေနေကို ရှင်းပြခဲ့ပြီးနောက် ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုမှ တဆင့် များစွာ ခွန်အားရရှိပြီး မြန်မာပြည်သည်လည်း တနေ့တွင် ဖယ်ဒရယ် ဒီမိုကရေစီ စနစ်ကို အောင်မြင်စွာ ထူထောင်နိုင်လိမ့်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ထို့အပြင် လက်ရှိ

အချိန်တွင် စစ်အာဏာသိမ်းမှု နောက်ပိုင်း ပညာရေးဆိုင်ရာ အခွင့်လမ်းများ ဆုံးရှုံးနေသည့် လူငယ်များအတွက် ကာလတိုသင်တန်းများနှင့် ပညာရေးဆိုင်ရာ အကူညီများအတွက် ကိုရီးယားအရပ်ဖွဲ့စည်းများ ဖောင်ဒေးရှင်းများ၏ ထောက်ပံ့ပေးမှုများ လိုအပ်လျှက်ရှိကြောင်းနှင့် ဖယ်ဒရယ်ပြည်ထောင်စုဝန်ကြီးဌာန၏ အဓိက လုပ်ငန်းတာဝန်ဖြစ်သည့် ဖယ်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေရေးဆွဲရေးအတွက် သုတေသန၊နည်းပညာ၊ဥပဒေနှင့် ကဏ္ဍပေါင်းစုံမှ အကူညီများ လိုအပ်နေကြောင်းနှင့် ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လိုလားကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ကိုရီးယား 

ဒီမိုကရေစီဖောင်ဒေးရှင်း ဒုဥက္ကဌမှ  နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။