အမျိုးသားညီညွတ်ရေးအစိုးရက (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သို့ သဝဏ်လွှာပေးပို့

နိုဝင်ဘာ ၁၇ ၊ ၂၀၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ကျရောက်တဲ့ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲ နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာထဲမှာ နိုဝင်ဘာလ ၁၇ ရက် (ဒီနေ့)မှာ ကျရောက်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ (၁၀၂) နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အခါသမယမှာ နိုင်ငံသူနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး ဘေးအန္တရာယ် အပေါင်း ကင်းဝေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်လို့ ဖော်ပြထားပါတယ်။

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့က နယ်ချဲ့အာဏာရှင်စနစ်ကို တိုင်းရင်းသား မိဘပြည်သူအားလုံးက စုစည်းညီညွတ် စွာနဲ့ ဆန့်ကျင်တော်လှန်ခဲ့တာ သာမက လက်ရှိစစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုကိုလည်းအ ထောက်အကူပြုစေလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယုံကြည်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားမိဘပြည်သူတွေနဲ့အတူ  အကြမ်းဖက်စစ်အာဏာရှင် လက်အောက်မှ ‌လွတ်မြောက်ရေးအတွက်  ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးကို အလေးပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီနေ့ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ ထပ်လောင်း သန္နိဋ္ဌာန်ပြုတယ်ဆို ပြီးတော့ ဖော်ပြထားတာ တွေ့ရပါတယ်။

နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်)နေ့မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက် ဆန့်ကျင်ခဲ့တဲ့နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။