မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၃ နှစ်ပြည့်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်

၁။ ယနေ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) (ကျောင်းသား တပ်မ တော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၃ နှစ်ပြည့်မြောက်သည့်အထိမ်းအမှတ်နေ့ဖြစ်ပေသည်။ ထို့အတူ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံမှအစပြုခဲ့သည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပြည်သူ့လှုပ်ရှားရုန်းကန်မှုခရီးလမ်းတွင် မှတ်တမ်းတင်ထိုက်သည့် သမိုင်းဝင်နေ့ရက်တစ်ရက်လည်းဖြစ်သည်။ 

၂။ မကဒတ (ကျောင်းသားတပ်မတော်) သည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ စစ်အာဏာရှင်စနစ်အောက် မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဟူသည့် နိုင်ငံရေးဦးတည်ချက် လေးရပ်ကိုကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ပြီး၊ ဆက်လက်တိုက်ပွဲဝင်သွားရန်လည်း သန္နိဌာန်ချထားသည်ကို သိရှိရသည်။

၃။ ယခုအချိန်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကိုသိမ်းပိုက်ရယူလိုက်ပြီး၊ စစ်အာဏာသိမ်းယူမှုကို အကြမ်းမဖက်ဆန့်ကျင်ကြသည့် မြန်မာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကိုလုယူဖျက်ဆီးခြင်း၊ တိုင်းရင်းသားပြည်သူများအား သာလွန်စစ်အင်အား များဖြင့်ထိုးစစ်ဆင်ခြင်းနှင့် ပြည်သူတို့၏ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း အစရှိသည်တို့ကို နေ့စဉ်ရက်ဆက်ပြုကျင့်လျက်ရှိနေခြင်းကြောင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် အပြင်းအထန် ခုခံတွန်းလှန်နေကြချိန်လည်းဖြစ်သည်။

၄။ ထိုကဲ့သို့သောအချိန်အခါတွင် ရှစ်လေးလုံးလူထုအရေးတော်ပုံနှင့်အတူ၊ ရှစ်လေးလုံးလူထုအရေးတော်ပုံ၏ စိတ်ဓါတ်ဖြင့်မွေးဖွားသန့်စင်လာခဲ့သည့် မကဒတ (ကျောင်းသားတပ်မတော်) သည် ပြည်သူနှင့်အတူ၊ ပြည်သူ့တပ်ဦး၌ ရဲရဲဝံ့ဝံ့ ရှေ့ဆက်ဦးဆောင်မှုပေးနိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပေသည်။

၅။ ဤ ၃၃ နှစ်တာကာလအတွင်း မကဒတ (ကျောင်းသားတပ်မတော်)အား ခေါင်းဆောင်မှုပေးခဲ့ကြသည့် အဆက်ဆက်သောခေါင်းဆောင်များနှင့်တကွ ၃၃ နှစ်တာကာလအတွင်း မကဒတ (ကျောင်းသားတပ်မတော်) ၏ဦးဆောင်မှုအောက်တွင် ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့်အမျိုးသမီး၊ အမျိုးသားများ အားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုပါကြောင်းဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ 

အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့