ကြေညာချက်အမှတ် ( ၁၁/၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

ကြေညာချက်အမှတ် ( ၁၁/၂၀၂၁)

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်

၁။ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်ရောက်ရှိအခြေပြုနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ယမန် နေ့ (၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့) နံနက်ပိုင်းတွင် မြို့ပေါ်ရှိဒေသခံပြည်သူများ၏နေအိမ်များကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် ယနေ့နံနက် ၁၀ နာရီ အချိန်အထိ ဒေသခံပြည်သူများနှင့်လွှတ်တော်ကိုယ်စားလှယ်များထံမှသတင်းပေးပို့မှု ရရှိချက်အရ ခရစ်ယာန် ဘုရားကျောင်းနှင့် သာသနိကအဆောက်အဦးများအနည်းဆုံးသုံးခုအပါအဝင် လူနေအိမ် ၁၆၄ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ကနဦးသိရှိရခြင်းအတွက် များစွာတုန်လှုပ်ခြောက်ခြား ဖြစ်ရပါသည်။ 

၂။ စစ်ကောင်စီတပ်ဖွဲ့သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ထန်တလန်မြို့ပေါ်ရှိ လူနေအိမ် များအား လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ်ပေါင်း ၂၀ ကျော် ပျက်စီး ခဲ့ရပြီး၊ သင်းအုပ်ဆရာတော်တစ်ပါးသေဆုံးခဲ့ရကာ၊ မြို့ပေါ်ရှိဒေသခံပြည်သူများအားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီးဖြစ်သည်။ ထို့အတူ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းကလည်း ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများဖြစ်သော ရယ်လ်သီး (Rialti)၊ တလန်ရောန် (Thlanrawn)၊ တားလ် (Taal) နှင့် ရမ်ထလို (Ramthlo) တို့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများပြုလုပ်ခဲ့ခြင်းကြောင့် ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းအပါအဝင် လူနေအိမ် ၃၅ လုံးမီးလောင်ကျွမ်းဆုံးရှုံးခဲ့ရပြီး၊ အနည်းဆုံး လူနေအိမ် အလုံး ၁၀၀ မှာထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည်။

၃။ ထို့အတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား (ကရင်နီ)ပြည်နယ်တွင် လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ် များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများကြောင့် လူနေအိမ် ၂၆၇ လုံးနှင့် ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် လူနေအိမ် ၅၈ လုံးပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း ဒေသခံ တာဝန်ရှိများ၏သတင်းပေးပို့ချက်အရ သိရှိရသည်။ ထို့အတူ ယမန်နေ့ကလည်း မိုးဗြဲနယ်တွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများရှိခဲ့ပြီး၊ ထိခိုက်ပျက်စီးမှုစာရင်းအတိအကျရရှိနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။

၄။ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ချင်းပြည်နယ်နှင့် ကယား (ကရင်နီ)ပြည်နယ်အပါအဝင် မြန်မာ နိုင်ငံအနှံ့အပြားတွင် ဒေသခံပြည်သူများပိုင်ဆိုင်သည့်နေအိမ်အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့် ရိုးရာယဉ်ကျေးမှုပစ္စည်းအပါအဝင် အဖိုးတန်ပစ္စည်းဥစ္စာများကို သိမ်းပိုက်ယူငင်ခြင်း၊  သာသနိက အဆောက်အဦးများတွင် တပ်စွဲလျက် သက်ဆိုင်ရာဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ဘာသာရေး အသုံး အဆောင်ပစ္စည်းများအား ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် စိတ်ထင်သလို အကြမ်းဖက်ပြုမူခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ အစရှိသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်ရက်ဆက်ကျူးလွန်လျက်ရှိသည်။ 

၅။ ထို့ကြောင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား ရှိသည့်နေရာတွင်၊ ရှိသည့်နည်းလမ်းမျိုးစုံဖြင့် ဆက်လက် ခုခံဆန့်ကျင်တွန်းလှန်ကြရန်နှင့် မြေပြင်တွင်ခုခံတွန်း လှန်မှုပြုလုပ်နေကြသည့် ပြည်သူ့သူရဲကောင်းများအား နည်းမျိုးစုံဖြင့် ဆက်လက်ထောက်ပံ့ကူညီပေးကြရန် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပါသည်။ 

၆။ ထို့အတူ စစ်ကောင်စီ၏ယန္တရားအဆင့်ဆင့်တွင်အကြောင်းကြောင်းကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေရ သူများအနေဖြင့်လည်း စစ်ကောင်စီ၏ယန္တရားအဆင့်ဆင့်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အမြန်ဆုံးရပ်တန့်ပြီး၊ မိမိတို့၏ဂုဏ်သိက္ခာနှင့်လူသားတန်ဖိုးအတွက် ပြည်သူနှင့်အတူ အလျင်အမြန်ပူးပေါင်းဆောင်ရွက်ကြရန်လည်း အလေးအနက်တိုက်တွန်းအပ်ပါသည်။ 

၇။ အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့အပါအဝင် လူသားချင်းစာနာထောက်ထားမှုနှင့် လူသားဂုဏ်သိက္ခာကို အလေးအမြတ်ပြုတန်ဖိုးထားကြသည့် နိုင်ငံတကာအသိုင်းအဝိုင်းများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင် စီ၏ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကို မျက်ခြေမပြတ်စောင့်ကြည့်သိရှိပြီး၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်ကောင်စီကြောင့် အရပ်သားပြည်သူများ ဒုက္ခမျိုးစုံရင်ဆိုင်ကြုံတွေ့ခံစားနေရမှုကို အမြန်ဆုံးရပ်တန့်နိုင်ရေးအတွက် ထိရောက် သောအရေးယူဆောင်ရွက်မှုများအလျင်အမြန်ပြုလုပ်နိုင်ရန် အလေးအနက်တိုက်တွန်းပန်ကြားအပ်ပါသည်။

၈။ ယမန်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီမှပြုမူခဲ့သောကိစ္စရပ်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်ကောင်စီမှပြုမူသောအကြမ်းဖက်မှုများအတွက် ပြင်းထန်စွာရှုတ်ချကြောင်းနှင့် စစ်ကောင်စီ ကြောင့်ဒုက္ခဆင်းရဲမှုမျိုးစုံကြုံတွေ့နေရသည့် တိုင်းရင်းသားပြည်သူများအား မိမိတို့ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ပြည်သူအတွက်ပြည်သူကရပ်တည်ကြမည်ဟူသောဆောင်ပုဒ်နှင့်အညီ တတ်နိုင်သမျှ ကူညီ ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။