မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

မြန်မာနိုင်ငံအခြေအနေနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်

၁။ မြန်မာနိုင်ငံတွင် လက်နက်အားကိုး အဓမ္မ အာဏာသိမ်းယူရန် ကြိုးပမ်းနေသော အကြမ်းဖက်စစ်အုပ်စုကို ပြည်သူလူထုတရပ်လုံးက ရရာနည်းလမ်းမျိုးစုံဖြင့် ပြန်လည်ခုခံ တိုက်ပွဲဝင်လျက်ရှိပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပြဋ္ဌာန်းဖော်ပြထားသည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသော ပြည်ထောင်စု မျှော်ရည်ချက်အတိုင်း ပြည်သူအားလုံးက မမှိတ်မသုဉ် ရှေးရှု၊ ဦးတည်ချီတက်နေကြပါသည်။

၂။ အာဏာသိမ်းရန် အဓမ္မ ကြံစည်ပြီးနောက် စစ်အုပ်စုသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် ရွေးကောက်ခံ ပြည်သူ့ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အများအပြားကို အကြောင်းမဲ့ဖမ်းဆီး အကျဉ်းချထားပါသည်။ ထို့အပြင် စစ်အာဏာသိမ်းမှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသခဲ့သည့် ပြည်သူများကိုလည်း လူမဆန်သော နည်းလမ်းပေါင်းစုံဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အကျဉ်းချခြင်းစသည့် အဓမ္မ အကြမ်းဖက်လုပ်ရပ်များစွာ ကျူးလွန်ဆောင်ရွက်လျက်ရှိပါသည်။ စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်မှု ဖြစ်ရပ် များတွင် ဆန္ဒပြသမားများ၏ ဦးခေါင်းကိုချိန်ရွယ်၍ စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဆန္ဒပြလူထုအတွင်း မော်တော်ကားဖြင့် အတင်းဝင်တိုက် ဖမ်းဆီးရုံသာမက သေကြေဒါဏ်ရာ ရစေခြင်း၊ ဆန္ဒပြပွဲခေါင်းဆောင်များကို ညဘက်တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးပြီး တညလုံး ညှင်းပန်းနှိပ်စက်လျက် မနက်တွင်မိသားစုအား အလောင်းကိုပြန်ပေးခြင်း၊ အချို့ အလောင်း များကို လမ်းဘေးတွင် စွန့်ပစ်ထားခြင်း စသောဖြစ်ရပ်များပါဝင်သည်။

၃။ ဖေဖော်ဝါရီ (၁) ရက်၊ ၂၀၂၁ ခုနှစ်မှ ဩဂုတ်လလယ် ၂၀၂၃ ခုနှစ်ထိ အချိန် (၂) နှစ်ခွဲအတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုက-

-အဓမ္မ ဖမ်းဆီးခဲ့သူ ဦးေရ (၂၄,၀၀၀) ကျော်

-လက်ရှိ ဖမ်းဆီးထားသူ ဦးေရ (၁၉,၄၆၀) ဦး

-အဓမ္မ သတ်ဖြတ်ခဲ့သူ ဦးေရ (၄,၀၇၈) ဦး

-သေဒဏ်ချမှတ်ခံထားရသူ ဦးေရ (၁၄၆) ဦးထိ ရှိခဲ့ပြီဖြစ်သည်။

၄။ ထို့အပြင် အာဏာသိမ်းစစ်အုပ်စုသည် တစ်နိုင်ငံလုံး နေရာအနှံ့အပြား၌ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်မှုမျိုးစုံကိုလည်း ကျူးလွန်ပြုကျင့်လျက်ရှိပါသည်။ ထို့သို့      စစ်အုပ်စု၏ အကြမ်းဖက်မှုမျိုးစုံအနက် ထင်ရှားပြီး အတွေ့ရများသည့် ပုံစံများမှာ အရပ်သား ပြည်သူနေ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ့အိုးအိမ် ပစ္စည်းများကို လုယူခြင်း၊ ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ ပြည်သူများကို အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ နှိပ်စက် ခြင်း၊ စစ်ကြောင်းများတွင် လူသားဒိုင်းသဖွယ် အသုံးချခြင်း၊ စားနပ်ရိက္ခာ ဆေးဝါး သတင်းနှင့် ဆက်သွယ်ရေး စသည်တို့ ဖြတ်တောက်ခြင်း စသည်တို့ဖြစ်သည်။

၅။ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ချိန်မှ ယခုကာလထိ အာဏာသိမ်း စစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့်-

-ပျက်စီးခဲ့သည့် နေအိမ်ပေါင်း (၇၅,၀၀၀) ကျော်

-သေဆုံးခဲ့သည့် အရပ်သားပြည်သူ (၄,၅၅၂) ဦး

-ထိခိုက်ဒါဏ်ရာရခဲ့သည့် အရပ်သားပြည်သူ (၃,၉၂၆) ဦး

-နေရပ်စွန့်ခွာထွက်ပြေးရသည့် ပြည်သူ (၁.၉ သန်း) ကျော် အထိရှိခဲ့ပြီဖြစ်သည်။

၆။ အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားပြည်သူများ နေထိုင်ရာ မြို့ရွာများကို စစ်ရေး ပစ်မှတ်သဖွယ် တမင်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး လေကြောင်းမှတဆင့် တိုက်ခိုက်မှု များစွာလည်း ဆက်တိုက်ကျူးလွန်လျက်ရှိပါသည်။ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း (၁၂၆၁) ရှိခဲ့ပြီး ထိုသို့သော လေကြောင်းတိုက်ခိုက်မှု များကြောင့် ယခုချိန်ထိ-

-ပျက်စီးခဲ့သည့်နေအိမ်ပေါင်း (၁,၀၈၀) လုံး

-သေဆုံးခဲ့သည့် အရပ်သားပြည်သူ (၅၄၁) ဦး

-ထိခိုက်ဒါဏ်ရာရခဲ့သည့် အရပ်သားပြည်သူ (၄၃၃) ဦး

-အရပ်သား သေဆုံးမှု (၆၀၇) ဦး

-အရပ်သား ထိခိုက်ဒဏ်ရာရသူ (၆၅၁) ဦး 

-စာသင်ကျောင်းများ ထိခိုက်ပျက်စီးမှု (၃၉)​ ကျောင်း 

-ဆေးရုံ (၂၂) ရုံ

-ဘာသာရေးအဆောက်အအုံ (၅၄) လုံးအထိ ရှိကြောင်းလည်း လေ့လာ တွေ့ရှိရပါသည်။ 

၇။ အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင် တက်ရောက်သဘောတူညီခဲ့သော အာဆီယံအဖွဲ့၏ အချက် (၅) ချက်ပါ ဘုံသဘောတူညီချက် (5 Points Consensus) ၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (UN Security Council Resolution 2669) စသည်တို့ကို လုံးဝ လေးစားလိုက်နာမှု မရှိဘဲ ပြည်သူ လူထုအပေါ် အကြမ်းဖက်လုပ်ရပ်များစွာကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် ကျူးလွန်လျက် ရှိနေပါသည်။

၈။ ယခုအခါ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြန်မာလူထု တရပ်လုံးသည် လူမှုဘဝဘေးဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ မြန်မာနိုင်ငံ လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေပါသည်။ ဤအခြေအနေတွင် မြန်မာနိုင်ငံအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ လှူဒါန်းကူညီမှု အများစုကို အကြမ်းဖက်စစ်အုပ်စုက ထိန်းချုပ်ကိုင်တွယ်နေခြင်း၊ အဆိုပါ အကူအညီများသည် အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ မရောက်ရှိဘဲ စစ်အုပ်စုက လိုသလို စီမံခန့်ခွဲနေခြင်း၊ နိုင်ငံတကာမိသားစု၏ အကူအညီများစွာကို ဟန့်တားနှောက်ယှက် နေခြင်းတို့ ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရပါသည်။

၉။ သို့ဖြစ်သောကြောင့် အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုပေါင်းများစွာကို ဆက်တိုက်ကျူးလွန်နေသည့်အပြင် မြန်မာလူထုအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖျက်ဆီး၊ ဟန့်တား၊ နှောက်ယှက် နေသော အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အမျိုးသားညီညွတ်ရေး အစိုးရသည် ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချလိုက်သည်။ 

၁၀။ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ရန်အတွက် ပြည်သူလူထု၏ သဘောထားဆန္ဒနှင့်အညီ “ပြည်သူ့ကာကွယ်ရေးတပ်မတော်” (PDF) ကို ဖွဲ့စည်းတည်ထောင်ကာ တရားမျှတသော ခုခံစစ်ကို ဆင်နွှဲလျက်ရှိပါသည်။ PDF တပ်မတော်၏ ပင်မတာဝန်တရပ်မှာ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို စောင့်ရှောက် ကာကွယ်ရန်ပင်ဖြစ်သည်။

၁၁။ ပြည်သူ့ကြားမှ ပေါက်ဖွားလာသော PDF တပ်မတော်ကို အဆင့်ဆင့်သော အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ခိုင်မာအားကောင်းသလို စစ်သည်တော် ကျင့်ဝတ်စည်းကမ်း (Code of Conduct) များလည်း ကောင်းမွန်မှန်ကန်သည့် တပ်မတော်တရပ် ဖြစ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူနှင့်အတူ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

၁၂။ PDF တပ်မတော် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲအုပ်ချုပ်မှု အောက်တွင်ရှိသော အဖွဲ့အစည်းနှင့် တာဝန်ရှိလူပုဂ္ဂိုလ်အားလုံးသည် မိမိပြည်သူလူထုအပေါ် အကြမ်းဖက်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှုတို့ကို လုံးဝပြုကျင့်မည်မဟုတ်သလို အထက်ပါ အကြမ်းဖက်လုပ်ရပ်မှန်သမျှကိုလည်း အပြင်းအထန် ဆန့်ကျင်ရှု့ံချပါသည်။ PDF တပ်မတော်တွင် စစ်ရုံးချုပ်အဆင့်မှသည် တပ်ရင်း/စစ်ကြောင်းအဆင့်ထိ အဆင့်တိုင်းတွင် “ပြည်သူလူထု လုံခြုံရေး” ဟူသော ဌာန (သို့မဟုတ်) တာဝန်ခံကို ထည့်သွင်းဖွဲ့စည်းထားပြီး မိမိတို့ တပ်မတော်၏ စစ်ဖက်ဆိုင်ရာ ဆောင်ရွက်မှုအားလုံးတွင် အရပ်သားပြည်သူ ထိခိုက်မှု အနည်းဆုံးဖြစ်စေရေးအတွက် မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။

၁၃။ ထို့အပြင် PDF တပ်မတော် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲ အုပ်ချုပ်မှုအောက်တွင်ရှိသော အဖွဲ့အစည်းများသည် ပြည်သူလူထုအတွက် ဘေးအန္တရာယ် လုံခြုံမှုအစီအမံများ၊ စစ်အုပ်စု၏ လေကြောင်းရန်နှင့် လက်နက်ကြီးရန်စသည့် အန္တရာယ် များမှ ကာကွယ်နိုင်ရေး လိုအပ်သော စီစဉ်ဆောင်ရွက်မှုများကို အစွမ်းကုန် ချမှတ်ဆောင်ရွက် လျက်ရှိပါသည်။

၁၄။ PDF တပ်မတော်အပါအဝင် ပြည်သူ့နွေဦးတော်လှန်ရေးတွင် လက်နက်စွဲကိုင် တိုက်ပွဲ ဝင်နေကြသော အင်အားစုအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ၊ ဂျီနီဗာ သဘောတူစာချုပ် (Geneva Convention) တို့နှင့် သတ်မှတ်ထားသော ကျင့်ဝတ်စံနှုန်းများကို အပြည့်အဝ လိုက်နာ ကျင့်သုံးရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ ကျင့်ဝတ်စံနှုန်းများကို ကျူးလွန်ချိုးဖောက်သူများကိုလည်း ထိရောက်စွာ အပြစ်ပေး အရေးယူသည့် Zero Tolerance Policy မူဝါဒကို ကျင့်သုံးလျက်ရှိပါသည်။

၁၅။ အမျိုးသားညီညွတ်ရေးအစိုးရသည် မိမိစိုးမိုးနယ်မြေများတွင် အရပ်ဖက် တရားစီရင် ရေးမဏ္ဍိုင်ကို စနစ်တကျဖော်ဆောင်၊ လည်ပတ်နေပြီဖြစ်ပါသည်။ ထို့ပြင် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် PDF တပ်မတော်တို့တွင်လည်း အဆင့်ဆင့်သော စစ်ဖက်တရားစီရင်ရေး စနစ်ကို ဖော်ဆောင်နေပြီး တရားဥပဒေစိုးမိုးရေးကို ဦးတည်ဆောင်ရွက်လျက် ရှိပါသည်။

၁၆။ သို့ဖြစ်သောကြောင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုမျိုးစုံကို အချိန်နှင့်အမျှ ကျူးလွန်နေသော အာဏာသိမ်းစစ်အုပ်စုကို အမြန်ဆုံး ဖြုတ်ချနိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရသည် ပြည်သူနှင့်လက်တွဲကာ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ထပ်လောင်းသံန္နိဋ္ဌာန် ပြုအပ်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယခုထက် ပိုမိုထိရောက်၍ လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးရာ အကူအညီများ၊ ဝန်းရံအားပေး ကူညီမှုများ ပြုကြပါရန် လေးနက်စွာ တိုက်တွန်း ပန်ကြားအပ်ပါသည်။

မှတ်ချက်။ ။ အပိုဒ် (၃)၊ အပိုဒ် (၅)၊ အပိုဒ် (၆)ပါ အချက်အလက်များကို AAPP အပါအဝင် ခိုင်လုံသော သတင်းအရင်းအမြစ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ မှတ်တမ်းများအရ သိရှိရပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်