လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ထူထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်
ယနေ့ကျရောက်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ (၃၆) နှစ် ပြည့်မြောက်သည့်နေ့ အခါသမယတွင် ပါတီခေါင်းဆောင်ကြီးများနှင့်တကွ ပါတီဝင်များအားလုံး လုံခြုံဘေးကင်းကြပြီး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာရှိကြပါစေကြောင်း အလေးအနက်ဖော်ပြလိုပါသည်။
ယနေ့ပါတီထူထောင်ခြင်း (၃၆) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီသည် မြန်မာ့နိုင်ငံရေးအချိုးအကွေ့များထဲမှ တစ်ခုဖြစ်သော ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး မှစ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင် ဆန့်ကျင်တွန်းလှန်ရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပြည်သူများနှင့်အတူတကွ ရပ်တည်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာကြီးမားသော နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါသည်။ ခေတ်အဆက်ဆက် လူထုအရေးတော်ပုံလှုပ်ရှားမှုများတွင် ရဲရဲဝံ့ဝံ့ ဦးဆောင်ပါဝင်ခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးကာလတွင်လည်း ပြည်သူ့ဆန္ဒနှင့်အညီ ရပ်တည်ရုန်းကန် လှုပ်ရှားနေသော ပါတီဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တလျှောက် အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခဲ့မှုများကိုလည်း လေးစားဂုဏ်ယူပါ ကြောင်း ဖော်ပြအပ်ပါသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြည်သူ့နွေဦးတော်လှန်ရေး အောင်မြင်စွာ ပြီး မြောက်သည်အထိ ပြည်သူနှင့်အတူ၊ တော်လှန်ရေးအင်အားစုအသီးသီးနှင့်အတူ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး လုပ်ငန်းစဉ်များကို အတူ တကွ လက်တွဲညီညီ ဆက်လက် ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာအား လေးစားစွာဖြင့် ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ