ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊  သြဂုတ်လ (၁၅) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တော်လှန်စစ်ကာလမှာ စစ်တိုက်ကြတဲ့ အဖွဲ့တွေအတွက် လက်နက်၊ ခဲယမ်း၊ မီးကျောက်နဲ့ ရိက္ခာတွေက အရေးအကြီးဆုံးဖြစ်သလို၊ စစ်ရှောင်ကြတဲ့ ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကလည်း ဦးစားပေးအဆင့်မှာရှိရမှာဖြစ်ပါကြောင်း။ နယ်မြေထိန်းသိမ်းနိုင်မှု လုပ်ငန်းတွေအတွက်ဆိုရင်လည်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးက အခရာကျတာ ကြောင့် ဒီကဏ္ဍတွေမှာ တာဝန်ယူကြမယ့် ဝန်ထမ်းအရင်းအမြစ်တွေကို ကြိုတင်လေ့ကျင့် သင်ကြား ပေးကြဖို့နဲ့ လိုအပ်တဲ့ မူဝါဒ၊ လုပ်ထုံးလုပ်နည်းနဲ့ ညွှန်ကြားချက်တွေကလည်း ရှိနေရမှာဖြစ်ပါကြောင်း။တဆက်တည်း  သိမ်းပြီးတဲ့မြို့နယ်တွေမှာ ပြည်သူပိုင်ပစ္စည်းတွေကို ထိန်းသိမ်းနိုင်ဖို့ ရုံးပိုင်းဆိုင်ရာ အရေးကြီးပစ္စည်းတွေ ထိန်းသိမ်းနိုင်ဖို့ အတွက်လည်း ဝန်ကြီးဌာနအလိုက် လိုအပ်တဲ့ညွှန်ကြားချက်တွေ စီမံပေးကြဖို့လည်း လိုအပ်မှာ ဖြစ်ပါကြောင်း။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ကျဆုံးချိန်လည်း တဖြေးဖြေးနီးကပ်လာတာ နဲ့အမျှ ကျွန်တော်တို့ရဲ့ ပြည်သူနဲ့ တော်လှန်ရေးအပေါ် သွေးကွဲစေဖို့၊ နှောင့်နှေးစေဖို့ သပ်လျှို လုပ်ဆောင်နေမှုများကိုလည်း တော်လှန်ရေးအသိ၊ သတိတွေနဲ့ ဝိုင်းဝန်းကာကွယ်ကြဖို့နဲ့ မူလရည်မှန်းချက် မပျောက်ပျက်စေဖို့၊ မတွေဝေစေဖို့ ဂရုတစိုက် ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုပါကြောင်း။ အကြမ်းဖက်စစ်အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်ထွက် မထွက်တာဖြစ်လို့ သူတို့ဘက်က ထုတ် လွှင့်တဲ့ သတင်းအတုအယောင်တွေမှာ လိုက်ပါ စီးမျောမသွားမိစေဖို့ ဂရုပြုဆောင်ရွက်ကြပါလို့ မှာကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၉/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၃၀)နာရီအချိန် တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။