NUG-အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၈/၂၀၂၁)ကျင်းပ

၁၀ ဩဂုတ် ၂၀၂၁။

NUG-အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၈/၂၀၂၁)ကို ဒီနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ ကျင်းပခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားအသီးသီးပြောကြားကြရာယာယီ သမ္မတကြီးက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုက ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းထားခြင်းခံရသူတွေပီပီဘယ်လိုပင် အခက်အခဲရှိစေကာမူ ပြည်သူတွေလိုလားတောင့်တတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစံစနစ်တည်ဆောက်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းသာယာဝပြောရေးတို့ကို မျက်ခြေမပြတ် သတိဝီရိယကြီးစွာ အကောင်အထည်ဖော်ဖို့လိုအပ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ မကြာခင် ပိုမို ခက်ခဲတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြရတော့မှာ ဖြစ်တာကြောင့် ကြိုတင်တွက်ဆကာ စီမံချက်တွေချထားရန်လိုကြောင်းတို့ကို ပြောကြားခဲ့ပြီး၊ပြည်ထောင်စုဝန်ကြီးချုပ်က ၃၃ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အမှတ်တရနေ့အခမ်းအနားတွေ ကို နိုင်ငံတကာမှာ ခမ်းခမ်းနားနား စည်စည်ကားကားကျင်းပနိုင်ဖို့ရန် စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့ ပြည်ပရောက် မြန်မာတွေ နဲ့ နိုင်ငံတကာက မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ၊ ပြည်တွင်းမှာလဲ အခက်အခဲ အဖမ်းအဆီးတွေကြားထဲကပင် Campaign အမျိုးမျိုးဆင်နွှဲခဲ့ကြ ဆင်နွှဲနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေအနေနဲ့ ကပ်ရောဂါဒဏ်ဖိစီးနှိပ်စက်နေတဲ့ကြားထဲကပင် တော်လှန်ရေးအတွက် ဘယ်တော့မှ သွေးမအေးသွားဘူးဆိုတာကို သက်သေပြလိုက်သလိုပင်ဖြစ်ကြောင်း၊ မြန်မာ့အရေးကိစ္စအတွက်  အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်လိုက်တဲ့အတွက် ကြိုဆိုကြောင်း၊ မကြာခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နဲ့လဲ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရကြောင်း၊ NUG ဘက်ကလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အထူးကိုယ်စားလှယ်အနေ နဲ့ လည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနတွေကို ကောင်းစွာသုံးသပ်ပြီး ဝိုင်းဝန်းအဖြေရှာပေးနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမဆန်မှုတွေအတွက် ယခုတစ်ပတ်အတွင်းမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း နဲ့ လူ့အခွင့်အရေးဝန်ကြီး၊ တရားရေးဝန်ကြီးတွေ ဦးဆောင်ပြီး အချက်အလက်များစုဆောင်းကာ တရားစွဲ ဆိုနိုင်တဲ့အထိ အစီရင်ခံစာထွက်နိုင်ဖို့ကြိုးပမ်းနေကြောင်း၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနကလည်း ယခုတပတ်အတွင်းတွင် ပြည်သူတွေ လှူဒါန်းလာတဲ့ငွေကြေးတွေကို သဘာဝဘေးဒဏ်ခံစားနေကြရတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းကို လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်းတို့ကို ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဝန်ကြီးဌာနတွေက သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးကြရာ နိုင်ငံခြားရေးဝန်ကြီး ဌာနက အရေးပေါ်ကိစ္စတစ်ရပ်ပေါ်ပေါက်လာပါက လျှင်မြန်စွာ သဘောထားထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် ကိစ္စ၊ စီမံဘဏ္ဍာဝန်ကြီးဌာနက အကြမ်းဖက်စစ်တပ်လက်အောက်ကနေ တိမ်းရှောင်လာသူတွေရဲ့ အခက်အခဲ စိန်ခေါ်မှုများကိစ္စ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက နိုင်ငံတကာနဲ့တွေ့ဆုံ ဆွေးနွေးမှုအကြောင်းတွေ နဲ့ ကျန်းမာရေးဝန်ကြီးဌာနက Covid 19 လုပ်ဆောင်ချက်တွေနဲ့ လက်ရှိအခြေအနေတွေကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး နေ့လည် ၁၂ နာရီ ခွဲတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။