ဒီပါဝလီအခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၄) ရက်

၁။ ယနေ့သည် ဟိန္ဒူဘာသာဝင်များအတွက် ထူးမြတ်သောဒီပါဝလီနေ့ဖြစ်သည်။ ထို့အတူ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မတူကွဲပြားသည့်ကိုးကွယ်ယုံကြည်ရာဘာသာတရားများ အတူတကွယှဉ်တွဲတည်ရှိရှင်သန် နေခြင်းကို ထင်ရှားပြသနေသည့်အမှတ်လက္ခဏာတစ်ရပ်လည်းဖြစ်ပေသည်။

၂။ သက္ကတဘာသာစကားတွင် ဒီပ ဆိုသည်မှာ ဆီမီး၊ အလင်းရောင်၊ ကြည်လင်တောက်ပခြင်းဟူသောအဓိပ္ပါယ် ရှိပြီး၊ ဝလီ ဆိုသည်မှာ စီရရီချထားခြင်း၊ စီတန်းနေခြင်းဟူသောအဓိပ္ပါယ်ရှိရာ ဒီပါဝလီ ဆိုသည်မှာ ဆီမီးများ စီရရီထွန်းညှိပူဇော်ခြင်းဟုအဓိပ္ပါယ်ရှိသည်။ ထို့ကြောင့် ဒီပါဝလီနေ့တွင် ဆီမီးများထွန်းညှိပူဇော်ခြင်းသည် အလင်းရောင်ရရှိပြီး အမှောင်ကိုခွင်းနိုင်သကဲ့သို့ အဆိုးအညံ့ဖုံးလွှမ်းရာတွင် အကောင်းအမြတ်ရောက်ရှိလာခြင်း၊ လက်လွတ်ဆုံးရှုံးစိတ်ပျက်ရသည့်အခြေအနေထဲမှ မျှော်လင့်ဝမ်းသာရာရရှိမှုထဲသို့ရောက်ရှိလာခြင်း အစရှိသည့် ထူးမြတ်သောအနက်အဓိပ္ပါယ်များဖြင့် ဆီမီးထွန်းညှိပူဇော်ကြခြင်းဖြစ်ကြောင်းသိရှိရသည်။ 

၃။ ယခုအချိန်သည် အာဏာသိမ်းစစ်ကောင်စီကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း လုံခြုံငြိမ်းချမ်းမှုတို့ ပျောက်ဆုံးကင်းမဲ့ခဲ့ရကာ မျိုးစုံသောအဆိုးအညံ့များဖြင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲညိုးငယ်စွာနေထိုင်နေကြရ သည့်အချိန်ကာလဖြစ်သည်။ စစ်ကောင်စီက နိုင်ငံတော်အာဏာကို အကြမ်းဖက်သိမ်းယူလိုက်ချိန်မှစ၍ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ အနာဂတ်မျှော်လင့်ချက်အိပ်မက်များစွာ သည်လည်း မှေးမှိန်ပျောက်ပျက်သွားခဲ့ရသည်။

၄။ ဤဒီပါဝလီနေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး လက်လွတ်ပျောက်ဆုံးခဲ့ရသောလုံခြုံ ငြိမ်းချမ်းမှုများနှင့် အနာဂတ်အတွက် ကောင်းမြတ်သည့်မျှော်လင့်ချက်များပြန်လည်ရှင်သန်နိုးထလာနိုင်ပါစေ ကြောင်းနှင့် စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်ဆင်နွဲနေကြသည့် နယ်မြေအသီးသီးမှပြည်သူများအားလုံးအောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၅။ ပြည်ထောင်စုဖွား ဟိန္ဒူဘာသာဝင်များအားလုံးလည်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများ ရရှိလျက် ဘေးကင်းရန်ကွာလုံခြုံသာယာပြီး၊ အဆိုးအညံ့များပျောက်၍ အကောင်းအမြတ်များရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။