မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်

၂၃ ရက်နေ့ ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် 

ပညာရေးဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ယုံကြည် ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖြစ်ထွန်းခဲ့တာကြောင့် စစ်ရေးအသုံး စရိတ်ဟာ အလွန်အမင်း များပြားပြီး ပညာရေးအသုံးစရိတ်ကတော့ အဆမတန် နည်းပါးခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍဟာ အချို့တဲ့ဆုံးသော အခြေအနေကို ရောက်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံး ပညာရေးကဏ္ဍဟာ စစ်အစိုးရခေတ် အဆက်ဆက်မှာ စစ်ရေး ကဏ္ဍလို ဦးစားပေးခံရတဲ့ အနေအထားကို မရောက်ခဲ့ပါဘူး။ 

ပညာရေးမှာလည်း စစ်ဝါဒ ဖြန့်ချိရေး ပြဋ္ဌာန်း/ သင်ကြားချက်တွေက လွှမ်းမိုးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဝေဖန်ပိုင်းခြားစိစစ် စဉ်းစားတဲ့ အလေ့အကျင့် အားနည်းခဲ့ပါတယ်။ ဒီလို စစ်ကျွန်ပညာရေးနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် စစ်အစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒီလို အတိတ်သင်ခန်းစာတွေကို ဆင်ခြင်ပြီး လက်ရှိမြန်မာ့နွေဦး တော်လှန်ရေးမှာ ပညာရေးပြုပြင်ပြောင်းလဲမှုကို တစ်ပါတည်း လုပ်ဆောင်ကြရ ပါလိမ့်မယ်။ ပညာရေးဟာ လူ့အဖွဲ့အစည်းတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပညာရေးကို ကောင်းစွာတည်ဆောက်ခြင်းဟာ အနာဂတ်တိုင်းပြည်ကို တည်ဆောက်ခြင်းလည်းဖြစ်တယ်။ ဒါ့ကြောင့် စစ်အာဏာရှင်စနစ်တော်လှန်ရေးနဲ့အတူ အနာဂတ် နိုင်ငံတော်သစ်အတွက် ပညာရေးအားဖြင့် တည်ဆောက်ခြင်းကို စနစ်တကျ လုပ်ဆောင်ရမယ်လို့ ယုံကြည်ပါတယ်။ 

မိုးကုတ်ဖက်ဒရယ်ကျောင်းက လျှောက်လှမ်းနေတဲ့ ရည်ရွယ်ချက်လမ်းစဉ်တွေနဲ့ အခြေခံတန်ဖိုးတွေ ဟာ အနာဂတ်နိုင်ငံတော်သစ်အတွက် ကောင်းစွာသော အထောက်အပံ့ဖြစ်မယ်လို့ ကျွန်တော် ယုံကြည် နေပါတယ်။ အနာဂတ်နိုင်ငံတော်သစ်မှာ ပုံဖော်တည်ဆောက်မယ့် ဖက်ဒရယ်သဘောတရား အခြေခံ တွေကို မိုးကုတ်ဖက်ဒရယ်ကျောင်းက စတင်အုတ်မြစ်ချ သင်ကြားနေတာဟာ ဖက်ဒရယ်နိုင်ငံတော်ကို တည်ဆောက်နေခြင်းလည်း ဖြစ်ပါတယ်။ သင်ကြားရေးစနစ်မှာလည်း ဆရာဗဟိုပြုသင်ကြားမှုတွေ ထက် ကျောင်းသားဗဟိုပြု သင်ကြားရေးနည်းနာတွေကို ဦးစားပေးကျင့်သုံးလိမ့်မယ်လို့ ယုံကြည်ထား ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အသင့်တော်ဆုံးသော လစ်ဘရယ်ပညာရေးစနစ်မှာ ကျောင်းသား ဗဟိုပြုသင်ကြားနည်းတွေကို စနစ်တကျသုံးစွဲကြတာလည်း တွေ့ရပါတယ်။ မိုးကုတ်ဖက်ဒရယ် ကျောင်းမှာ ဒီလိုအခြေခံပညာရေးကျင့်ထုံးတွေကို စနစ်တကျ တည်ဆောက်ထားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ 

ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံပြီး ရေးဆွဲထားတဲ့ ပညာရေးမူဝါဒတွေကို ပြဋ္ဌာန်းထားပါတယ်။ ဝေဖန်ပိုင်းခြားစိစစ်မှုကို အခြေခံတဲ့ ပညာရေးစနစ် အပြင် လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်သော ပညာရေးရပ်ဝန်း ဖြစ်ထွန်းပေါ်ပေါက်လာစေဖို့ NUG အစိုးရက ရည်ရွယ်ချက်ထားပါတယ်။ အာဏာရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းမယ့်အမူအကျင့်ဟောင်းတွေ ဖယ်ရှားရေးကို NUG အစိုးရရဲ့ ပညာရေးဦးတည်ချက်အဖြစ် အလေးထားကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ ပညာရေးလွတ်လပ်ခွင့် အပြည့်အဝရရှိရေးကို အလေးထား ကြိုးစား ကြရပါလိမ့်မယ်။ ဒါ့အပြင် ခေတ်ကို ပြုပြင်မယ့် အတွေးအခေါ်သစ်တွေကို ဖိတ်ခေါ်ကြဖို့ လိုပါတယ်။ တက္ကသိုလ်တွေဟာလည်း လွတ်လပ်သော အကယ်ဒမစ်ရပ်ဝန်းဖြစ်ဖို့ လိုတယ်။ ကျောင်းတွေကလည်း လွတ်လပ်သော ပညာသင်ကြားရေးစနစ် အသက်ဝင်ဖို့ လိုပါတယ်။ ပညာရေး နယ်ပယ်က ဆရာ/ ဆရာမတွေ ကိုယ်၌က လွတ်လပ်ခြင်းကို လိုလားနှစ်ခြိုက်နေကြဖို့လည်း အထူး လိုအပ်ပါတယ်။ 

အနာဂတ်တိုင်းပြည်တည်ဆောက်ရေးဟာ ပညာရေးမှာ ဗဟိုချက်အဖြစ် လာဆုံနေပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးက အရေးကြီးသလို ပညာရေးပြုပြင်ပြောင်းလဲမှုကိုလည်း အလေးထားလုပ်ကြ ရပါလိမ့်မယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ ပညာရေးအပြောင်းအလဲ လိုက်ပါမလာရင် လူ့အဖွဲ့အစည်း ရဲ့ အမူအကျင့်နဲ့ အတွေးအခေါ် အပြောင်းအလဲကို မလုပ်ဆောင်နိုင်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ အမူအကျင့် နဲ့ အတွေးအခေါ် ပြောင်းလဲရေးဟာ နိုင်ငံသစ်တည်ဆောက်ရေးနဲ့အတူ ယှဉ်တွဲဖြစ်တည်ရပါလိမ့်မယ်။ သို့မဟုတ်ရင် နိုင်ငံဟာ အဆိုးကျော့သံသရာထဲကို ပြန်ပြီး လည်ထွက်နိုင်ပါတယ်။ ဒါကို သတိပြုပြီး ပညာရေး အပြောင်းအလဲနဲ့အတူ လူမှုတော်လှန်ရေးကိုပါ ရှေ့ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။ 

လက်ရှိ နွေဦးတော်လှန်ရေးမှာ လူငယ်မျိုးဆက်သစ်တွေရဲ့ သတ္တိအားနဲ့ မောင်းနှင်နေရပါတယ်။ တော်လှန်ရေး အလွန်ကာလမှာ – လူငယ်တွေရဲ့ ပညာအားနဲ့ မောင်းနှင်ကြရပါလိမ့်မယ်။ ဒါ့ကြောင့် ယခုအချိန်ကတည်းက အမြော်အမြင်ရှိရှိနဲ့ အနာဂတ်လူငယ်မျိုးဆက်သစ်တွေရဲ့ ပညာအားကို ကြံ့ခိုင်အောင် ပံ့ပိုးတည်ဆောက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..