အမျိုးသားညီညွတ်ရေးအစိုးရ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျနော်တို့ ဆန္ဒဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

မေ ၂  ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ဖက်ဒရယ်ဒီမိုကရေစီအရေးဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လောက် အထိ အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာရူး လက်တဆုပ်စာ စစ်အုပ်စုဟာ ပြည်သူက တရား၀င် ရွေးချယ်ခံထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို လွှတ်တော်အတွင်းက ဖယ်ထုတ်ပြီး သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ကိုယ်တိုင်ပဲ ချိုးဖောက် ဖျက်ဆီးခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအတွက် အရေးပေါ်လိုအပ်နေတဲ့ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေတခုအဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကို ရေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာတာ၀န်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(EAOs)တွေ၊ သက်ဆိုင်ရာနေရာဌာနအသီးသီးက လူငယ်တွေပါ ပါ၀င်ရေးဆွဲခဲ့ကြတာဖြစ်ပါ တယ်။ ပဋိညာဥ်ရဲ့ အစိတ်အပိုင်းအသီးသီးကို ကြားကာလမှာ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဖက်ဒရယ်ယူနစ်တွေကြားမှာ အချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီး ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/တိုင်း ဖက်ဒရယ်ယူနစ်များအကြား အစိုးရအချင်းချင်းကြားမှာ အပြုသဘောဆောင်တဲ့ လုပ်ငန်းလမ်းညွှန်မှုတွေ ပေါ်ပေါက်လာဖို့ အတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြဖို့လိုတယ်လို့ ပြောလိုပါတယ်။ ထို့အတူ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးအပေါ် ကြား၀င်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ Track 1.5 Dialogue အစည်းအဝေးဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ ပြီးခဲ့တဲ့ မတ်လတုန်းက တကြိမ်ပြုလုပ်ခဲ့တဲ့ အစည်းအ၀ေးဖြစ်ပြီး မြန်မာ့အရေးကို ဝိုင်းဝန်းဖြေရှင်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နယူးဒေလီမှာ ထပ်မံကျင်းပကြတာ ဖြစ်တယ်လို့ သိထားပါတယ်။ ဒါပေမဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ သူမလုပ်ရဲတာ မရှိဘူးလို့ပြောခဲ့တဲ့အတိုင်း ဒေလီမှာ ကျင်းပမယ့် Track 1.5 Dialogue အစည်းအဝေး မတိုင်ခင်မှာပဲ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးကို အားရပါးရ လုပ်ခဲ့တာ နိုင်ငံတကာက သိရှိပြီးဖြစ်မှာပါ။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဥ်နှင့်အမျှ အပစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နေပါတယ်။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အရပ်သား ပြည်သူတွေ စုရုံးနေတဲ့ အခမ်းအနားတွေနဲ့ ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမှာလည်း တိုက်လေယာဥ်/ စစ်လေယာဥ်တွေနဲ့ နေ့စဥ်ဗုံးကြဲပြီး သတ်ဖြတ်နေတာဆိုရင် နှစ်နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျွန်တော်ဒီနေရာကနေ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေအများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တရက်လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တရက်ထပ်ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ် ထပ်ပြီး တိုးလာနေမှာဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် နိုင်ငံတကာက အသိုင်းအ၀ိုင်းအနေနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားကြပါနဲ့။ ဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထားလျက် မမေ့မလျော့ထည့်သွင်း ဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျနော်တို့ ဆန္ဒဖြစ်ကြောင်း၊ ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိရမှာဖြစ်ကြောင်းနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ အကြမ်းဖက်စစ်ကောင်စီ ကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ တစ်နေ့က “The End Of Dictatorship” အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ နွေဦးအင်းလျား ကွန်ဒိုအခန်းများ ရောင်းချခြင်းကို ၁၂ နာရီအတွင်းမှာ ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ယခုလို တော်လှန်ရေးကာလ အင်မတန် အရေးကြီးတဲ့ အချိန်ကိုရောက်နေချိန်မှာ လိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံ အားဖြည့်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများအားလုံးကို လေးစားကျေးဇူးတင်ရသလို ဒီလို ဘဏ္ဍာငွေရှာဖွေခြင်း လုပ်ငန်းတွေကို အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်စီမံပေးကြတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။  ကျွန်တော်တို့ အစိုးရဟာ တစ်ဖက်က ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ ယိုင်နဲ့ပြိုလဲနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထူထောင်ရင်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုက္ခပေးမှုတွေကြောင့် ကိုယ်ရောစိတ်ပါ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းတွေ တပြိုင်နက် စီမံဆောင်ရွက်နေရတာ ဖြစ်လို့ ဘဏ္ဍာငွေ လိုအပ်ချက်တွေက အမြဲ ရှိနေပါတယ်။ ဒီလို ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ၂ နှစ်လုံးလုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ပူးပေါင်းပါဝင်ခဲ့မှုတွေကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေနဲ့ လှူဒါန်းကူညီကြတဲ့ ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေကြောင်း ဒီနေရာကနေ ပြည်သူများထံသို့ သတင်းစကားပါးလိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အခွန်စနစ်ကို စတင်ကျင့်သုံးနေပြီ  ဖြစ်တဲ့အတွက် အဲဒီ့ကောက်ခံရရှိတဲ့ အခွန်နဲ့ ဒဏ်ကြေးငွေတွေကနေလည်း မြို့နယ်အတွင်း လိုအပ်နေတဲ့ ဒေသကာကွယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ လူသားစာနာလုပ်ငန်းတွေမှာ ပြန်လည်ခွဲဝေသုံးစွဲနေပြီ ဖြစ်တာမို့ ပြည်သူတွေရဲ့ အဘက်ဘက်က ထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိစွာနဲ့ အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ရန် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း မှာကြား လိုပါတယ်။ တစ်ပတ်တာအတွင်းမှာဆိုရင်လည်း အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်သင့်တာတွေကို အားစိုက် ဆောင်ရွက်နေကြတာကိုလည်း သိရှိပါတယ်။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီဆိုရင်လည်း နေ့စဉ်အစည်းအဝေးတွေ အဆက်မပြတ် စီမံဆောင်ရွက် နေကြသလို မြေပြင်တာဝန်ရှိသူတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်စီမံနေကြတာကို ကြားသိရ ပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “တော်လှန်ရေးကာလ ဖြစ်တာကြောင့် အစစအရာရာ သတိထားလုပ်ဆောင်ကြရမှာပါ။ ဘုံရန်သူကလည်း ကျွန်တော်တို့ တော်လှန်ရေးကို ပုံဖျက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေမယ့်၊ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်ပါတယ်။ တော်လှန်ရေးကို ပုံပျက်စေမယ့် သတင်းစကားတွေကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း ကျွန်တော်တို့က နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ထိစပ်ပြီး လက်ရှိအခြေအနေ တွေကို မျှဝေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ်တွေနဲ့လည်း နိုင်ငံရေးအရ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကဏ္ဍစုံက ဆက်လက်ချိတ်ဆက် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် အစိုးရအဖွဲ့ကို  နိုင်ငံခြားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပြည်သူတွေကို ဝန်ဆောင်မှု ပေးနိုင်ရေးစတဲ့ ကဏ္ဍစုံကို တပြိုင်နက် ကြိုးစားနေကြရတာ ဖြစ်လို့ ပင်ပန်းခက်ခဲ ကြမှာကို နားလည်ပေမယ့် ကြိုးပမ်းအားထုတ်မှုတွေဟာ ပြည်သူတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံးငြိမ်းစေနိုင်မယ့် အားထုတ်မှုတွေ ဖြစ်တာမို့ ဆက်လက် ကြိုးစားဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။

အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနက မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေး လုပ်သားအင်းအားစုအတွက် လစဉ်ချီးမြှင့်ငွေ ပံ့ပိုးပေးပါရန် တင်ပြတာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ စပ်လျဉ်းတဲ့ အခြေအနေနဲ့ စဉ်းစား ချက်များကို တင်ပြခြင်း ကိစ္စရပ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။