(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပပြုလုပ်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့

          အမျိုးသားအောင်ပွဲနေ့ဟူသည်မှာ  ဗြိတိသျှမင်းကြီး မတ်ဟန်းတား၏ University အက် ဥပဒေအရ ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆန် (ယုဒသန်) ကောလိပ်ကိုပေါင်း၍ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ်ကို နိုင်ငံအတွင်းရှိ ပြည်သူ ပြည်သားများ ကန့်ကွက်ခဲ့ကြပါတယ်။  ထိုသို့ ကန့်ကွက်သည့်ကြားမှ ၁၉၂၀ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဗြိတိသျှ ဒုတိယဘုရင်ခံက ရန်ကုန်အက် ဥပဒေကို ထောက်ခံခဲ့ပြီး၊ အိန္ဒိယဘုရင်ခံ ချမ်းစဖို့ဒ်က အတည်ပြုရန် ထုတ်ပြန်ကြေညာခဲ့ပါတယ်။  

          မြန်မာကောဇာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ခရစ်နှစ် ၁၉၂၀ ဒီဇင်ဘာလ (၅) ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျက်ဆင် (ယုဒသန်) ကောလိပ် ကျောင်းသားများက နယ်ချဲ့ပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်ဆန္ဒပြခဲ့ကြပါသည်။ ထိုသို့ နယ်ချဲ့အာဏာ ရှင်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီးများ ဦးဆောင်သော ပထမကျောင်း သား သပိတ် စတင်ခဲ့ရာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်သို့ တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့ပါတယ်။ ထို့ကြောင့် နယ်ချဲ့ဗြိတိသျှကို ပထမဦးဆုံး ထိထိရောက်ရောက် သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်း လပြည့် ကျော် ၁၀ရက် နေ့ကိုသာ အမျိုး သားအောင်ပွဲနေ့အဖြစ် သတ်မှတ်သင့်ကြောင်း အဆိုပြုကြရာ အားလုံးက သဘောတူညီထောက်ခံခဲ့ကြပါတယ်။ 

          ဒီနေ့ဟာဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ဖြစ်ပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေးရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ အမျိုး သားနေ့ အခမ်းအနားကို အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဦးစီးကျင်းပတဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူအလေး အမြတ်ပြုကြောင်း ပြောကြားလိုပါတယ်။ မင်္ဂလာရှိသော အမျိုးသားနေ့ အခါသမယမှာ ကျွန်တော် တို့ နိုင်ငံရဲ့ အတိတ်သမိုင်းဖြတ်သန်းမှုက အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုတွေကို ကျွန်တော့် အနေနဲ့ အောက်မေ့သတိရမိပါတယ်။ ကျွန်တော်တို့မှာ လက်ရှိပစ္စုပ္ပန် အခြေအနေအထိ လေးစား အတုယူဖွယ်ရာ အတိတ်ဖြစ်ရပ်တွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ မမေ့ပါဘူး။ 

          ဒီနေရာမှာ “အမျိုးသား” ဆိုတဲ့ စကားလုံးဝေါဟာရ အနက်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြဖို့ လိုတယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ လူမျိုးပေါင်းစုံ ရှိပေမယ့် လူမျိုးတစ်မျိုးချင်းစီဟာ “အမျိုးသားရေး” လို့ပြောရင် ကိုယ့်သွေးသားဗီဇနဲ့ တိုက်ရိုက် ဆက် စပ်နေတဲ့ လူမျိုးရေးလို့ပဲ တွေးထင်တတ်ကြပါတယ်။ ‘အမျိုးသားရေး’ ဆိုတဲ့ စကားလုံးဟာ ပိုပြီး ကျယ်ပြန့်တဲ့ အနက်သဘောဆောင်ပြီး ကျွန်တော်တို့ ပြည်ထောင်စု တစ်မျိုးသားလုံးကို ကိုယ်စားပြုပါတယ်။ ဒါ့အပြင် တစ်ဆက်တစ်စပ်တည်းရှိတဲ့ ကျွန်တော်တို့ ရေမြေကို ကိုယ်စားပြု ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသားအားလုံး စုပေါင်းမျှဝေလက်ခံထားတဲ့ တန်ဖိုးတွေ၊ ဓလေ့တွေ၊ အတွေးအခေါ်ယုံကြည်မှုတွေကို ကိုယ်စားပြုတယ်။ ကျွန်တော်တို့ ပြည်ထောင်စုသား တွေမှာ မတူကွဲပြားမှုတွေရှိတယ်လို့ ဘယ်လောက်ပဲပြောပြော ကျွန်တော်တို့ အားလုံးမှာ အခြေခံ အုတ်မြစ်တွေ တူနေတယ်ဆိုတာ တွေ့ရပါတယ်။ အတိတ်သမိုင်းကို လေ့လာကြည့်ရင်လည်း ကျွန်တော်တို့ဟာ လာရာ တူသလို – လားရာလည်း တူညီနေတာ တွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်တဲ့ အခြေခံအမျိုးသားရေးလက္ခဏာတွေဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

          မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးကို ကြည့်ရင် – အမျိုးအလိုက် အုပ်စုဓလေ့ အပြိုင်ထွန်းကားတာ ကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် အမျိုးသားစည်း လုံးညီညွတ်မှုမှာ အားနည်းခဲ့တာတွေရှိတယ်။ ဒါ့အပြင် လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံမှာ ယုံကြည်မှုအလိုက် ဝါဒအလိုက် အုပ်စုဓလေ့နဲ့ ဂိုဏ်းဂဏအစွဲတွေ အပြိုင် ထွန်းကားလို့ ညီညွတ်မှု ပျက်ပြားခဲ့တာတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးထပ်တူကျ တူညီနေဖို့မလိုပါဘူး။ မတူလို့ ရတယ်၊ ကွဲပြားလို့ ရတယ်။ သို့သော်လည်း မတူပေမယ့် ကျွန်တော်တို့ဟာ ပူးပေါင်းလို့ ရတယ်၊ ကွဲပြားပေမယ့် အတူနေထိုင်လို့ ရပါတယ်။ ကိုယ်နဲ့ မတူကွဲပြားတဲ့ လူတစ်ယောက်ချင်းစီ၊ လူတစ်မျိုးချင်းစီရဲ့ စွမ်းရည်တွေကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။ 

          ကျွန်ပညာရေးဟာ အကြောက်တရားကို သွတ်သွင်းဖို့ သင်ကြားပါတယ်။ ကျွန်ပညာရေးဟာ ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ သဘောထားကို ရိုက်သွင်းပါတယ်။ မတူကွဲပြားမှုမှာ မတူညီသော စွမ်းရည်တွေ ခွန်အားတွေ ရှိတယ်ဆိုတာကို မသင်ကြားပါဘူး။ လက်ရှိ မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ အမြောက်အမြား ရှိနေပါသေးတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အချင်းချင်းမညီမညွတ်ဖြစ်အောင် အမုန်းတရားတွေ ကြီးထွားအောင်လုပ်နေတဲ့ အတွေးအခေါ်ရိုက်သွင်းမှုတွေကို တော်လှန်ပယ်ဖျက်ကြဖို့ လိုနေပါတယ်။ 

          အမျိုးသားညီညွတ်ရေးကောင်စီဝင်အားလုံးကို လက်ဆောင်စကားလေးတစ်ခုပါးချင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကို တည်ဆောက်မယ်။ နိုင်ငံသစ်တည်ဆောက်ရာမှာ အတွေးအခေါ်သစ်၊ အမြော် အမြင်သစ်၊ စိတ်ဓာတ်ခွန်အား အသစ်တွေ နဲ့ သိုင်းဝိုင်းတည်ဆောက်ဖို့ ကြိုးစားကြမယ်။ ကျွန်တော်တို့တတွေ တစ်ဦးကိုတစ်ဦး ယခင်ကထက် ပိုပြီး ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားကြဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ကြိုးစားတည်ဆောက် ကြမယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်အတွင်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ကျွန်တော်တို့တတွေရဲ့ လက်ထက်မှာရအောင် တည်ဆောက်ချင်ပါတယ်။ မတူကွဲပြားမှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ အခြေခံဘုံတူညီမှုတွေ ရှိထားပြီးဖြစ်လို့ ယခုလက်ရှိ အခြေအနေမှာ ပြည်ထောင်စုသားအားလုံးရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အမျိုးသား ညီညွတ်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သုတ်သင်ချေမှုန်းကို အမျိုးသားတော်လှန်ရေး တစ်ရပ်အဖြစ် ကျွန်တော်တို့အားလုံး စိတ်ရောကိုယ်ပါ အားစိုက်လုပ်ဆောင်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….။ 

အရေးတော်ပုံမုချအောင်ရမည်.....