အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၂) ကိုကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ဇန်နဝါရီလ ၄ ရက်နံနက် ၁၀ နာရီမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတကြီးက ဒီနှစ် လွတ်လပ်ရေးနေ့တွင် မြန်မာပြည်သူပြည်သားအားလုံး စိတ်အားညိုးငယ် နှလုံး မသက်မသာ ခံစားနေကြရကြောင်း။ တောင်တန်းပြည်မ အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ အသက်သွေးကြွေးမြောက်များစွာ ပေးဆပ်ပြီး ရခဲ့တဲ့လွတ်လပ်ရေးဟာ အာဏာမက်၊ ကိုယ်ကျိုးရှာ လူတစ်စုရဲ့ ရက်စက်တဲ့ အကြံကြောင့် ပျောက်ဆုံးခဲ့ရကြောင်း။ ယခုအချိန်မှာ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုတို့က တွေ့ဆုံဆွေးနွေးရေးကို ပြောကြားလာတာ တွေ့ရကြောင်း၊ ရိုင်းစိုင်းပြီး တိုင်းပြည်တစ်ခုလုံး ကုန်းကောက်စရာမရှိအောင် ဖျက်ဆီးနေတဲ့ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို တွေ့ဆုံဆွေးနွေးဖို့ရန် အင်မတန် ခက်ခဲမှာဖြစ်ပါကြောင်း၊ မင်းအောင်လှိုင်တို့ ကမ်းလှမ်းတဲ့ တွေ့ဆုံဆွေးနွေးရေး NCA လမ်းကြောင်းကို ပယ်ချဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ပန်ကြားလိုကြောင်း။ သွေးစွန်းသော စစ်ကောင်စီရဲ့ ဉာဏ်နီဉာဏ်နက်ကို မယုံကြဖို့ တိုက်တွန်းလိုပါကြောင်း။ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေကို လေ့လာပြီး လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မြန်မာနိုင်ငံကို ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်း တောင်းဆိုကြောင်း။ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒကို ဖော်ဆောင်နိုင်ပေးနိုင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပြီး၊ မင်းအောင်လှိုင်နဲ့စစ်ကောင်စီကို အသိအမှတ်မပြုပဲ ဝိုင်းဝန်းဖယ်ကြဉ်ကြဖို့ ပြောကြားလိုကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။ 

ပြည်ထောင်စုဝန်ကြီးချုပ်က  မြန်မာပြည်သူတွေအတွက် သိပ်ကိုကြမ်းတမ်းဆိုးဝါးလွန်းခဲ့တဲ့ ၂၀၂၁ခုနှစ်ကတော့ ကုန်လွန်သွားပြီဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်ဟာ မြန်မာပြည်သူတွေအတွက် အောင်ပွဲတွေ ဆက်တိုက်ဆောင်ကျဉ်းပေး နိုင်မယ့် မဂ်လာနှစ်သစ်တခုဖြစ်လာမှာ သေချာကြောင်း။ ကာကွယ်ရေးဝန်ကြီးပြောထားသလိုမျိုး ကျနော်တို့အတွက် အဓိကလိုအပ်ချက် (၄)ခုဖြစ်တဲ့ ရံပုံငွေ၊ လက်နက်၊ မဟာမိတ်စုဖွဲ့မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဗျူဟာပိုင်းစတဲ့ ကဏ္ဍ(၄)ခုလုံးကို ပိုမိုဖြည့်ဆည်းလာနိုင်ပြီဖြစ်တဲ့အတွက် ကျနော်တို့ပြည်သူတွေအတွက် အောင်ပွဲဟာ မဝေးတော့ဘူးလို့ ပြောကြားလိုကြောင်း။ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာလည်း ကော်မတီအနေနဲ့ သတ်မှတ်ထားတဲ့ နေရာဒေသတွေမှာ နယ်မြေစိုးမိုးရေးကိစ္စတွေနဲ့  အုပ်ချုပ်ရေးယန္တရားလည်ပတ်မှု ရရှိနိုင်မှုတွေ စီစဉ်ဆောင်ရွက်နေမှုတွေဟာလဲ အဆင်ပြေပြေအောင်မြင်သွားမယ်လို့ ယုံကြည်ကြောင်း။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ မဟာမိတ် EAOတွေကလည်း အားတက်သရောပိုမိုပူးပေါင်းကူညီလာကြတဲ့အတွက် ကျနော်တို့ တော်လှန်ရေးအောင်မြင်မှုအတွက် အားရစရာတခု ဖြစ်ကြောင်း။ ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးကိစ္စတွေ အတွက်လည်း သက်ဆိုင်ရာ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါ ပိုမိုနားလည်မှုတွေရရှိလာပြီး ပူးပေါင်းဆောင်ရွက်ရမယ့်ကဏ္ဍတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကူညီပံ့ပိုး ပေးရမယ့် ကဏ္ဍတွေ စသဖြင့်သိရှိလာရပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်မှုအတွက် အထောက်အကူပြု နိုင်အောင် ဆက်လက်တိုင်ပင်ဆောင်ရွက် သွားကြဖို့ရှိပါကြောင်း။ ဒီတပတ်အတွင်း ကြားကာလဒေသန္တရ အုပ်ချုပ်ရေးကဏ္ဍအတွက် အင်မတန်အရေးကြီးတဲ့ တရားစီရင်ရေးမဏ္ဍိုင်ဆိုင်ရာ အစည်းအဝေးတခုကိုလည်း ပြုလုပ်နိုင်ခဲ့ပါကြောင်း။ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ CRPH ကိုလည်းဖိတ်ကြားပြီး အတူတကွဆွေးနွေးခဲ့ကြပါကြောင်း၊ အခုနှစ်ဆန်းပိုင်းကစပြီးတော့ NUG အနေနဲ့အစိုးရ တစ်ရပ်ရဲ့လုပ်ငန်းဆောင်တာ တွေကို စနစ်တကျ ပီပီပြင်ပြင် လုပ်ကိုင်နိုင်အောင် စီမံသွားတော့မှာဖြစ်တဲ့အတွက် တရားရေး မဏ္ဍိုင်ထားရှိရေးကိစ္စ ဟာလည်း အင်မတန်အရေးကြီးတဲ့ ကိစ္စတခုဖြစ်ပါကြောင်း၊ ဒီနှစ်အတွင်းမှာကျနော်တို့အနေနဲ့ စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ မဟာဗျူဟာတွေကိုအားစိုက်ရမှာဖြစ်သလို နိုင်ငံတကာဘက်ကိုလည်း မျက်ခြေပြတ် လို့မဖြစ်ပါကြောင်း၊ နိုင်ငံ တကာရဲ့ပြောင်းလဲလာတဲ့ အခြေအနေတွေကို အမြဲမပြတ်သုံးသပ်ပြီး ဆက်စပ်ဝန်ကြီးဌာန တွေကစီမံဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊  NUG အနေနဲ့အာဆီယံနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး စတာတွေမှာပူးပေါင်းဆောင်ရွက်သွားဖို့ စိတ်အားထက်သန်ပါကြောင်းနှင့် အာဆီယံနိုင်ငံတွေအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြမယ်လို့လည်း ယုံကြည်မျှော်လင့်ပါကြောင်းစတာတွေကိုပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနတွေက လေးကေကော်ဒေသက  စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီ ဝိုင်းဝန်းဆွေးနွေးကြကာ အစည်းအဝေးကို နံနက် ၁၁:၁၅မိနစ်မှာ ရုပ်သိမ်းခဲ့ပါတယ်။