အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) ကို ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီမှာ ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတက အမှာစကားပြောကြားရာ လာမယ့် စက်တင်ဘာလမှာ UN သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားနိုင်ရေး Credential ကိစ္စဟာ နိုင်ငံတကာအသိအမှတ်ပြုရေးမှာ အရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့အတွက် ပြင်ဆင်ရေးအဖွဲ့၊ အကြံပေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် လာရောက်သည့်အချိန်တွင်လည်း NUG အနေဖြင့် တွေ့ဆုံဆွေးနွေးဖို့ရန် မူဝါဒများချမှတ်ထားရန်လိုအပ်ကြောင်း၊ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့်ပါတ်သတ်ပြီး covid-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးကော်မရှင်မှ Dr ဇော်ဝေစိုး ဦးဆောင်၍ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြောင်း၊ Covid -19 ကာကွယ်ရေးမှာ စစ်ကောင်စီရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊လူထုကိုကာကွယ်ရမယ့်အစား ၎င်းတို့ရဲ့အာဏာကိုသာ ကာကွယ်လိုမှုတွေဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပျက်သုန်းစေဖို့ဖြစ်နေတာကြောင့် Covid – 19 ကာကွယ်ရေးကိစ္စတွင် အစိုးရအဖွဲ့တစ်ဖွဲ့လုံးရော ပြည်သူများပါ အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း၊ NUG အစိုးရအနေနဲ့ နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန်၊မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက မရပ်မနားဆောင်ရွက်နေကြကြောင်း၊ စတင်မယ့်ရက်ညှိနှိုင်းသတ်မှတ်ပြီးတဲ့အခါ cabinet ကို ပြန်လည်တင်ပြကာ ဝိုင်းဝန်းဆုံးဖြတ်ကြမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝန်ကြီးဌာနတွေက သက်ဆိုင်ရာ ကဏ္ဍများအလိုက်တင်ပြကြရာ လူသားချင်းစာနာ ထောက်ထားမှုနှင့် ဘေးအန္တရယ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ် တုန့်ပြန်ရေးကော်မရှင်ရဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Coordination Committee) ဖွဲ့စည်းရန်ကိစ္စ နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ Covid – 19 ကာကွယ်ဆေးရရှိနိုင်ရေးကိစ္စများနှင့်ပါတ်သတ်၍ ဆွေးနွေးကြပြီး အစည်းအဝေးကို နေ့လည် ၁၂နာရီခွဲအချိန်မှာ ရုပ်သိမ်းခဲ့ကြပါတယ်။

၁၇ ဩဂုတ် ၂၀၂၁