အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၃/၂၀၂၁) ကို ကျင်းပပြုလုပ်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၃/၂၀၂၁) ကို ကျင်းပပြုလုပ်
၆ ဇူလိုင် ၂၀၂၁
------------------------------------
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၁၃/၂၀၂၁) ကို ယနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ကျင်းပခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများ အသီးသီးပြောကြားကြရာ…..
ယာယီသမ္မတက တော်လှန်ရေးကာလအတွင်း စိန်ခေါ်မှုများစွာရှိနေပေမယ့် ဝန်ကြီးဌာနတွေရဲ့ ကြိုးပမ်းမှုတွေကို ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေအနေနဲ့ အစိုးရရဲ့စိန်ခေါ်မှုတွေကို နားလည်ပြီး လုပ်ဆောင်မှု များကို အကောင်းမြင် အပြုသဘောဆောင်နေကြတာကိုလဲ ကျေးဇူးတင်ကြောင်း ၊ နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်နေကြတဲံ သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ လက်ရှိကာလဟာ မိမိတို့အစိုးရရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့အားတက်သရော နည်းဗျူဟာကျကျလုပ်ဆောင်ရမယ့် အချိန်ကာလတစ်ခုကိုရောက်ရှိနေပြီဖြစ်ကြောင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်က မိမိတို့နိုင်ငံဟာ လူကြောင့်ဖြစ်ရတဲ့ဘေးဒုက္ခ၊ ရောဂါကြောင့် ဖြစ်ရတဲ့ ဘေးဒုက္ခတွေ ကြုံတွေ့နေရပြီး အင်မတန်စိတ်မချမ်းမြေ့စရာ အခြေအနေဖြစ်ကြောင်း၊ ပြည်သူတွေ တရားဝင်အာဏာ လွှဲအပ်ထားတဲ့ တရားဝင်အစိုးရလက်ထဲကနေ အာဏာကို သေနတ်ပြပြီး လုခဲ့သူတစ်စုကြောင့် နိုင်ငံရေး၊ လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး အခက်အခဲပေါင်းစုံရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ကြောင်း၊ ကောင်းစွာ စောင့်ရှောက်မှု မပေးနိုင်သောကြောင့် ရောဂါဘေးကြုံရပြီး သေဆုံးကြရသူတွေနဲ့ စစ်အုပ်စုရဲ့အကြမ်းဖက် မှုကြောင့် သေဆုံးသွားရသော ဒီပဲယင်းမှ အပြစ်မဲ့ပြည်သူ ၄၀ ကျော် အတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး၊ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူ ၃၀၀၀ ကျော်အတွက်လည်း စိတ်ပူပန်မိကြောင်း၊ ဒီအခြေအနေတွေအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေက ကူညီနိုင်တာတွေကို အမြန်ဆုံး ကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းကြောင်း၊ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရယ်တုံ့ပြန်ရေးကော်မရှင်ရဲ့ ပထမအကြိမ် အစည်းအဝေးမှာလည်း မကြာခင်ဖြစ်ပေါ်လာတော့မယ့်အခြေအနေတွေအတွက် တိုင်ပင်ဆွေးနွေးထား ကြတာတွေရှိပြီး အရေးကြုံလာပါက လျှင်လျှင်မြန်မြန်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း တိုက်တွန်းပြောကြား ခဲ့ပါတယ်။ အဲဒီ့နောက် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ပွဲဝင်မ ဟာဗျူဟာကိုတင်ပြဆွေးနွေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် Covid 19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ရေးကိစ္စကို တင်ပြဆွေးနွေးခြင်း၊ အလုပ်သမားဝန်ကြီးဌာနမှ နိုင်ငံတကာအလုပ်သမားသမဂ္ဂတွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ကိစ္စများ ဆွေးနွေးကြပြီး၊ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနက 7 ဇူလိုင် အတွက် ကြေညာချက်ထုတ်ရန်ကိစ္စ များ အသီးသီးတင်ပြဆွေးနွေးကြပြီး အစည်းအဝေးကို ၁၂ နာရီခွဲ တွင် ရုပ်သိမ်းခဲ့ပါတယ်။