၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

“၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ”

လက်နက်ကိုင်အကြမ်းဖက်ပြီး အာဏာကို ဖြတ်လမ်းကယူလိုသူလူတစ်စု၏ လက်ချက်ကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး (၈) ဦးတို့ ကျဆုံးသွားခဲ့ကြရသည်မှာ ယနေ့ဆိုရင်ဖြင့် ၇၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ အာဇာနည် ခေါင်းဆောင်ကြီးများသည် ကမ္ဘာ့အလယ်အတွင် မိမိတို့ပြည်ထောင်စုကြီးအား လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြင့် မားမားမတ်မတ် ရပ်တည် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ် ကျဆုံးခဲ့ရကြခြင်း ဖြစ်ပေသည်။ ယင်းနိုင်ငံတော်လုပ်ကြံမှုကြီး ကြောင့် လွတ်လပ်စမြန်မာနိုင်ငံ၏ ကံကြမ္မာမှာ တဆစ်ချိုးပြောင်းလဲသွားခဲ့ရသလို အကြမ်းဖက်လုပ်ကြံမှုကို ဦးဆောင်ခဲ့သော ဂဠုန်ဦးစောမှာလည်း ကြိုးစင်ထက်တွင် ဘဝဆုံးခဲ့ရပြီး လူသိများသော နိုင်ငံရေးသမား တစ်ဦးအဖြစ်မှ ပြည်သူလူထုတစ်ရပ်လုံး ရွံရှာစက်ဆုပ်သည့် လူယုတ်မာတစ်ဦးအဖြစ် သမိုင်းတွင် မှတ်တမ်းဝင် ကျန်ရစ်ခဲ့လေသည်။

နိုင်ငံတော်၏ လုပ်ပိုင်ခွင့်အာဏာသည် မူလပိုင်ရှင်ဖြစ်သောပြည်သူလူထုထံမှသာ ဆင်းသက်ရပေမည်။ ပြည်သူလူထုမှ ယုံကြည်တာဝန်ပေးအပ်ခြင်းမခံရဘဲ အဓမ္မနည်းဖြင့် လက်နက်ကိုင်အကြမ်းဖက်ပြီး နိုင်ငံတော်အာဏာ ကိုရယူလိုခြင်းသည် အာဏာလောဘဇောတိုက်ခြင်းသာ ဖြစ်ပေသည်။ ယခုအခါ  မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်အားကိုး အာဏာလုယူမှုသည် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်ရပ်တစ်ခုအဖြစ် နိုင်ငံတကာအလယ်တွင် သမိုင်းတွင်ခဲ့ပေပြီ။ သို့ရာတွင် အာဏာရမ္မက်ကြီးသူများ နိဂုံးမလှဖြစ်ခဲ့ပုံကို  သမိုင်းက အထင်အရှား သက်သေပြလျက်ရှိပေသည်။

အာဇာနည် ခေါင်းဆောင်ကြီး များသည် တောင်တန်း နှင့် မြေပြန့်မကွဲခြားဘဲ တန်းတူညီမျှရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုစသည့် ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းများဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်တစ်ရပ် ကြိုးပမ်းထူထောင်နေစဉ် လမ်းခုလတ်၌ ကျဆုံးခဲ့ကြရပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် အာဇာနည်ခေါင်းဆောင် များကို လေးစားအားကျနေရုံ၊ ဂုဏ်ပြုနေရုံ နှင့် မပြီးဘဲ ၎င်းတို့ အသက်စွန့်ခဲ့ရသည်နဲ့ ထိုက်တန်သော တန်းတူညီမျှပြီး လွတ်လပ်သောပြည်ထောင်စုကြီးတစ်ရပ်ကို မိမိတို့အားလုံး အတူတကွ လက်တွဲကာ ဝိုင်းဝန်းထူထောင် နိုင်မှသာ မှန်ကန်စွာ ဂုဏ်ပြုရာရောက်မည်ဖြစ်ပေသည်။

ယနေ့ နွေဦးတော်လှန်ရေးတွင် ရှေးကအာဇာနည်ကြီးများ၏စိတ်ဓာတ်အတိုင်း အများအတွက် အသက်စွန့်ခဲ့ကြတဲ့ သူရဲကောင်းတွေပေါ်‌ပေါက်လာခဲ့ရပြန်ပြီဖြစ်သည်။ ထို့အပြင် ကိုဗစ်ကပ်ရောဂါ ကာကွယ်စောင့်ရှောက်ရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းတွေ ကိုလည်း မြင်တွေ့နေရလျက် ရှိပါသည်။ ဤကဲ့သို့ အများအကျိုးအတွက် စွန့်လွှတ် အနစ်နာခဲ့ပြီး ဆောင်ရွက်တတ်သော အာဇာနည်စိတ်ဓါတ်သည် မိမိတို့ ဦးတည်ချီတက်နေတဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် အင်အားများပင် ဖြစ်ပေသည်။

နိဂုံးချုပ်အနေဖြင့် ယနေ့ ၇၄ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည် အမျိုးသား ခေါင်းဆောင်ကြီးများနှင့် တကွ ခေတ်အဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသော၊ အများအကျိုးအတွက် စွန့်လွတ် အနစ်အနာခံခဲ့ကြသော အာဇာနည်တိုင်းရင်းသားပြည်သူလူထုအပေါင်းတို့ကို အမျိုးသားညီညွတ်ရေး အစိုးရကိုယ်စား အလေးပြုဦးညွတ်လိုက်ရပါသည်။

မန်းဝင်းခိုင်သန်း

ပြည်ထောင်စုဝန်ကြီးချုပ်

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်