အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၃၆/၂၀၂၁)ကို ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၃၆/၂၀၂၁) ကို ယနေ့ ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပါတယ်။ 

အစည်းအဝေးမှာ ယာယီသမ္မတကြီးက အစိုးရအဖွဲ့အနေနဲ့ လွန်ခဲ့တဲ့ ၈လကျော်အတွင်း ခက်ခဲသော ရုန်းကန်မှုကို စုပေါင်းခွန်အား၊ ပြည်သူတို့ရဲ့ပူးပေါင်းပါဝင်မှုနဲ့ ကျော်လွှားနိုင်ခဲ့ကြပြီဖြစ်ကြောင်း၊ မည်မျှပင်ခက်ခဲစေကာမူ နိုင်ငံသူနိုင်ငံသားတွေရဲ့ငြိမ်းချမ်းသာယာရေး၊ စစ်အာဏာချုပ်ငြိမ်းရေး၊ ပြည်သူလူထုအာဏာပိုင်စိုးရေးတွေကို ဆက်လက်ကြိုးပမ်းလုပ်ဆောင် ကြရမှာဖြစ်ကြောင်း၊ စစ်ကောင်စီဟာ အာဏာလက်ဝယ်တည်မြဲနိုင်ရန် ဉာဏ်နီဉာဏ်နက်မျိုးစုံနဲ့ အကွက်ဆင်လုပ်ဆောင်တတ်တာကိုသတိထားရမည်ဖြစ်ကြောင်း၊ပအို့ဝ်း (Pa-O) အမျိုးသားတွေက PNFC  ခေါ် ပအို့ဝ်း (Pa-O) အမျိုးသားဖက်ဒရယ် ကောင်စီကို ဖွဲ့စည်းလိုက်တာတွေ့ရကြောင်း၊ ပအိုဝ်းအမျိုးသားတွေဟာ အခုလို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားအတိုင်ပင်ခံကောင်စီတို့နဲ့ပူးပေါင်းလိုကြောင်း ထုတ်ဖေါ်ပြောဆိုမှုအတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း၊ တခြားကျန်ရှိတဲ့ တိုင်းရင်းသားတွေလဲ NUG, NUCC တို့နဲ့ အမြန်ဆုံးပူးပေါင်းကြဖို့ တိုက်တွန်းလိုကြောင်း၊ တဆက်တည်းမှာတော်လှန်ရေးအတွင်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေ ဆက်ပြီး မဆုံးရှုံးစေဖို့၊ နွေဦးတော်လှန်ရေးအောင်မြင်မြန်ဆန်စေဖို့၊ လက်ရှိစစ်တပ်မှာတာဝန်ထမ်းဆောင်နေကြတဲ့  ပြည်ချစ်တပ်မတော်သားတွေ ပြည်သူ့ရဲတပ်ဖွဲ့တွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချပြီး ပြည်သူဘက်သို့ပူးပေါင်းကြ ရန် တိုက်တွန်းလိုကြောင်း တို့ကို ပြောကြားခဲ့ပါတယ်။ 

ပြည်ထောင်စုဝန်ကြီးချုပ်က နွေဦးတော်လှန်ရေးမှာ  ပြည်သူတွေဟာ ကြောက်ရွံ့စိတ်နဲ့ တော်လှန်ရေးအပေါ် နောက်ဆုတ်အရှုံးပေးသွားတာမျိုးမရှိပဲ ရှိသမျှစိတ်ဓာတ်ခွန်အားတွေနဲ နေ့စဉ်နည်းလမ်း မျိုးစုံအသုံးပြုပြီး ညီညီညွတ်ညွတ်တွန်းလှန်နေကြတာကို မြင်တွေ့နေရလို့ပြည်သူတွေကို အထူးကျေးဇူး တင်ရသလို အားလုံးအတူသွားကြရမယ့် ပန်းတိုင်အတွက်လည်း ပိုမိုကြိုးစားသွားရမယ်ဆိုတဲ့ စိတ်ဆန္ဒ ဖြစ်ပေါ်မိပါကြောင်း၊ ပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီအပေါ်ကို စိတ်ဆိုးဒေါသထွက်ကြရုံ မဟုတ်တော့ပဲ နာနာကျည်းကျည်းဖြစ်ကုန်ကြတာမို့ ဒီအကြမ်းဖက်စစ်ကောင်စီဟာ မြန်မာ့မြေပေါ်မှာ ဘယ်လိုမှ ဆက်လက်ရပ်တည်လို့မရနိုင်တော့ဘူးဆိုတာ ပိုပြီး သေချာလာပါကြောင်း၊ လေးကေ့ကော်ဖြစ်စဉ်ကိုကြည့်ရင် အင်မတန် ဝမ်းနည်းစရာကောင်းကြောင်း၊ မိမိတို့နိုင်ငံအတွင်းမှာ ပြည်သူကိုအကာကွယ်ပေးရမယ့် စစ်တပ်က အာဏာကိုမက်မောပြီး ကိုယ့်နိုင်ငံသားချင်း သတ်နေတာကြောင့် အပြစ်မဲ့ ပြည်သူတွေမှာ ကြောက်ရွံ့ပြီး တစ်ဘက်နိုင်ငံကို ရာသီဥတုအေးအေးမှာ ရေထဲမကြောက်မရွံ့ကူးဖြတ်ပြီး ခိုလှုံနေကြရကြောင်း၊ တောထဲမှာ ကျန်ခဲ့တဲ့သူတွေဆိုရင်လည်း ဒီဇင်ဘာလ ချမ်းချမ်းစီးစီးမှာ လေယာဉ်သံကို နားစွင့်ပြီး မြေကြီးပေါ်အိပ်နေကြ ရသည်မှာ အင်မတန် ဝမ်းနည်းဖို့ ကောင်းကြောင်း၊ လူတစ်စုရဲ့အာဏာကိုတပ်မက်တဲ့လောဘမီးဟာ အပြစ်မဲ့ပြည်သူတွေအားလုံးကို ဒုက္ခရောက်စေတာ တွေ့ရလို့ ဒီတော်လှန်ရေးကို ကျတော်တို့အားလုံး မီးကုန်ယမ်းကုန် အားထည့်ပြီး အောင်မြင်အောင်လုပ်ရမယ်လို့ယုံကြည်ထားကြောင်း၊ လေးကေ့ကော်ဖြစ်စဉ် အတွက် စတင်တိုက်ပွဲဖြစ်တဲ့နေ့မှာပဲ လုံခြုံရေးနဲ့ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်အချို့နဲ့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေ ညတွင်းချင်း အစည်းအဝေးခေါ်ပြီး လုပ်ဆောင်သင့်တာတွေကို တိုင်ပင်ဆွေးနွေးဆောင်ရွက်ခဲ့ကြ ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနဟာလည်း နေရပ်စွန့်ခွါ ထွက်ပြေးသွားရတဲ့ ပြည်သူတွေကို နယ်စပ်ဖြတ်ကျော် ခိုလှုံခွင့်ပေးဖို့နဲ့ နိုင်ငံတကာအသိုက်အဝန်းမှလည်း စစ်ဘေးရှောင်တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံများကို ချက်ချင်းစာတွေပို့ခဲ့ကြောင်း၊ ဝန်ကြီးဌာနများအနေနဲ့ တိုက်ပွဲတွေမဖြစ်ခင်ကတည်းက အခြေအနေတွေအပေါ်သုံးသပ်ပြီး ကြိုတင်ပြင်ဆင် ထားတာတွေရှိသလို တိုက်ပွဲတွေစတင်လာတဲ့အချိန်မှာလည်း ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကာကွယ်ရေး ကဏ္ဍ၊ ထောက်ပံ့ရေးဆိုင်ရာဝန်ကြီးဌာနတွေကလည်း ထောက်ပံ့ရေးကဏ္ဍတွေဆောင်ရွက်နေကြသလို သတင်း ပြန်ကြားရေးအတွက် PVTV ကလည်း ပြည်သူကို အသိပေးထုတ်ပြန်နေတာတွေ စဉ်ဆက်မပြတ် ဆောင်ရွက်နေတာတွေ့ရကြောင်း၊ ဒီနေရာမှာ အရေးကြီးတာတစ်ခုက စစ်ရေးကဏ္ဍတွေဆောင်ရွက်ရတဲ့အခါမှာ နိုင်ငံရေးကိစ္စတွေလို ပွင့်လင်းမြင်သာမှုဆိုတာ နေရာတိုင်းအတွက် မဖြစ်နိုင်ဘူးဆိုတာသိဖို့လိုအပ်ကြောင်း၊ တချို့ မြေပြင်က အဖွဲ့ဝင်တချို့စစ်ရေးကိစ္စတွေ ဆိုရှယ်မီဒီယာပေါ်မှာ တင်တာတွေကိုလည်း ခေါင်းဆောင်တွေ အနေနဲ့သတိပေးတားမြစ်ဖို့လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ နှမ်းခါးရွာကိစ္စတွင်လည်း သာမန်ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေခြင်းဟာ ပြောစရာစကားမရှိရလောက်အောင်ပင်ဖြစ်ကြောင်း၊ ဒီတစ်ပတ်အတွင်းမှာ စီမံကိန်း ၊ဘဏ္ဍာရေးနဲ့ရင်းနှင်းမြှပ်နှံမှုဝန်ကြီးဌာနအနေနဲ့ ငွေတိုက်စာချုပ်  ပေါင်း ၈၀၀၀ ခန့်ကို ပြည်သူတွေလက်တွင်း ပြန်လည်ပို့ဆောင်ပေးပြီးပြီဖြစ်ကြောင်း ထုတ်ပြန်ထားတာ တွေ့ရကြောင်း၊ အခက်အခဲတွေရှိပေမယ့် ကျတော်တို့ပူးပေါင်းကြိုးစားအားထုတ်ကြမယ်ဆိုရင် အခက်အခဲ တွေကို ကျော်လွှားသွားနိုင်မယ်လို့ယုံကြည်ပါကြောင်းတွေကို  ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးဝန်ကြီးဌာနအသီးသီးက ဆွေးနွေးတင်ပြကြရာ ဖက်ရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက NCA နှင့်ပတ်သတ်သည့်မူဝါကိုဆွေးနွေး တင်ပြခြင်း၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်စီမံ ခန့်ခွဲရေးဝန်ကြီးဌာနက လေးကေကော်ဒေသ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များစီမံဆောင်ရွက်ထား မှုအခြေအနေကိုဆွေးနွေး တင်ပြခြင်း၊ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝန်ထမ်းစာမေးပွဲစစ်ဆေးရေးမူဝါဒနှင့် ပြင်ဆင်ထားမှုအခြေအနေ များအား တင်ပြခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေးကို ၁၂:၄၀ တွင်ရုတ်သိမ်းခဲ့ပါတယ်။