အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလမှ Khmer Times နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည့်ကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့

စစ်အစိုးရရဲ့ အာဏာသိမ်းမှုဟာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ စစ်အာဏာရှင်တွေကို ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အသိအမှတ်မပြုခဲ့ဘူး။ တချိန်တည်းမှာပဲ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကစပြီး စစ်အာဏာရှင် တို့ရဲ့ စုစည်းချုပ်ကိုင်မှုမလုပ်နိုင်ဖို့ ပြည်သူတွေက တားဆီးခဲ့တယ်။ စစ်အစိုးရဟာ တိုင်းပြည်ကို ချုပ်ကိုင်ထား နိုင်ခြင်း မရှိတဲ့အပြင် နေရာတိုင်းမှာလည်း အရပ်သားအတိုက်အခံတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 အရပ်သားတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ကျနော်တို့ တိုက်ပွဲမှာ အနိုင်ရပြီး နိုင်ငံတဝက်ကျော်ကို အခု ထိန်းချုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းလိုမျိုး နိုင်ငံတကာ အသိုက်အဝန်းဆီက ရရှိတဲ့ ထောက်ပံ့မှုကိုရရင် ပြည်သူတွေ ကြုံနေရတဲ့ သတ်ဖြတ်မှုနဲ့ ဒုက္ခတွေပိုမိုမြန်ဆန်ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်မှုအစိုးရအုပ်ချုပ်ရေးကောင်စီ(SAC)ကနေ ကျူးလွန်တဲ့ အကြီးအကျယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်ုပ်တို့တွေ့မြင်နေရပါတယ်။ အခု ကျွန်တော်တို့နိုင်ငံမှာ အိုးမဲ့အိမ်မဲ့ အရပ်သား ၁.၄ သန်းရှိနေပြီဖြစ်ပါတယ်။ အရပ်သားနေအိမ်တွေကို မီးရှို့ပြီး ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်နေကြတယ်။ ဒီအတွက်ကြောင့် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေလက်တွဲပြီး ဒီစစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ အစွမ်းကုန် လုပ်ဆောင်နေပါတယ်။ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးရပါမယ်။ 

ကမ္ဘောဒီးယား ဝန်ကြီးချုပ် (ဟွန်ဆန်) အပါအဝင် အာဆီယံခေါင်းဆောင်တွေဟာ ဘုံသဘောတူညီချက် (၅)ချက်ကို မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းတွေရရှိနိုင်ဖို့ စေတနာကောင်းနဲ့ ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ကံမကောင်းစွာပဲ၊ သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားတဲ့ မင်းအောင်လှိုင်အဖွဲ့က လုံးဝအကောင်အထည်မဖော်ခဲ့ပါဘူး။ အဓိကအချက်မှာ NUG နဲ့ အာဆီယံရဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဤအချက်ငါးချက် ဘုံသဘောတူညီမှုကို တိုးချဲ့ဖို့လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ရလဒ်ကိုဖန်တီးဖို့အတွက် ASEAN လုပ်ငန်းစဉ်အဆင့်တိုင်းမှာ SAC ကိုယ်စားလှယ်တွေကို ကိုယ်စားပြုခွင့်မပြုသင့်ပါဘူး။

အကျဉ်းသား ၅,၇၇၄ ဦးကို လွှတ်ပေးခဲ့ပေမယ့် ၎င်းတို့အနက် ၄၀၀ ခန့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြပါတယ်။ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေဟာ ဆက်လက်ထိန်းသိမ်းထားခံရဆဲဖြစ်ပါတယ်။