အမျိုးသားညီညွတ်ရေးအစိုးရ၏ ၉ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၉ /၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် မတ်လ (၅) ရက်

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေအနေနဲ့ ယနေ့ တည်ဆဲ နိုင်ငံရေးအခင်းအကျင်း နဲ့ စစ်ရေးအလှည့်အပြောင်းတွေကို အသေးစိတ် အကဲခတ် စောင့်ကြည့်ပြီး မြင်ကွင်းကျယ်ကျယ်နဲ့ နားလည်သဘောပေါက်ထားကြပြီးဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် အာရုံစိုက်မှုဟာ ဒီ့နောက်ပိုင်း ခပ်စိပ်စိပ် ဖြစ်လာသလို ခပ်သွက်သွက် ဖြစ်လာတာ ကိုလည်း တွေ့ရပါတယ်။ 

အထူးသဖြင့် တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ ပထဝီနိုင်ငံရေး အခြေအနေတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ရပ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်ကို နယ်မြေအလိုက်၊ ဒေသလိုက်၊ လူမျိုးစုအလိုက်၊ အဖွဲ့အစည်းအလိုက် အနုစိတ် နားလည်သဘောပေါက် ထားရမယ်လို့ ယူဆပါတယ်။  

အနောက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးပေါ်အခြေအနေတွေမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက် ပေးနိုင်ရေးအတွက် အာရုံစိုက် လုပ်ဆောင် လာတာ တွေ့ရပါတယ်။ရှမ်းပြည်နယ်အတွင်းက ပအိုဝ်းဒေသမှာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါတွေကို သေချာ ထိထိရောက်ရောက် ချိတ်ဆက် ကူညီနိုင်ရေးကို အလေးထား လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ စစ်ရေးအခင်းအကျင်းနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရက္ခိုင်ပြည်နယ်တို့မှာ အခြေအနေ တိုးတက်ကောင်းမွန်မှုတွေ အမြောက်အမြား တွေ့ရပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးကိစ္စတွေကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က မျှခြေညီအောင် အစဉ်တစိုက် သတိထား ကြိုးစားနေကြတယ်ဆိုတာ တွေ့ရပါတယ်။ 

ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နွေဦးတော်လှန်ရေးအတွင်းက တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲတွေရဲ့ အောင်ပွဲကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထောက်ခံပြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဆက်လက်ပြီး တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲတွေ အရှိန်အဟုန်မြင့်မြင့် တက်လှမ်းနိုင်ရေးအတွက် ကျွန်တော်တို့ အားလုံး ဝိုင်းဝန်း အားပေး ကူညီဖို့လည်း အလေးအနက်ထား တိုက်တွန်းချင်ပါတယ်။ 

မနေ့က ရက္ခိုင့်တပ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ၊ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်တွေရဲ့ အမြင်သဘောထားတွေနဲ့ ရပ်တည်ချက် တချို့ကို ကျွန်တော်တို့ သိနားလည်ခွင့် ရခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် [AA] အနေနဲ့ ပြည်ထောင်စုထဲက ခွဲမထွက်ဘူးဆိုတဲ့ သဘောထားကိုလည်း ထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်ထောင်စု စုဖွဲ့မှုအပေါ် ကောင်းသော အထောက်အပံ့ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးရဲ့ အန္တိမ ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီအတွက် အဓိက အရေးအကြီးဆုံးဟာ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရက္ခိုင်ပြည်နယ်တွေမှာ ခုခံတော်လှန်စစ်လှိုင်းလုံးနဲ့အတူ တိုင်းရင်းသားလွတ်မြောက်ရေးကို အချိန်တို အတွင်း အဆင့်ပေါင်းများစွာ တက်လှမ်းနိုင်တဲ့အတွက် နိုင်ငံရေးအရ ကြီးမားသော အောင်ပွဲဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ 

အခုဆိုရင် ရက္ခိုင်ပြည်နယ် မြောက်ပိုင်း ဧရိယာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို အလုံးစုံ မောင်းထုတ် ချေမှုန်းနိုင်ဖို့ အထူး ဝီရိယစိုက်ထုတ်နေကြတာကို အထင်အရှားတွေ့မြင်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ရက္ခိုင်တော်လှန်ရေးအောင်ပွဲတွေဟာ အားတက်စရာဖြစ်သလို ဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဒီလို ခုခံတော်လှန်စစ်ရေးအောင်ပွဲတွေ၊ တိုင်းရင်းသားတော်လှန်ရေးတွေ အောင်ပွဲခံလာနိုင်ခြင်းအပေါ် တစ်ခဲနက် အားပေး ထောက်ခံကြတာကို တွေ့ရပါတယ်။ 

ကျွန်တော်တို့ဟာ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားအားလုံး တန်းတူညီစွာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိနိုင်ရေးကို ဝိုင်းဝန်း ကြိုးစားကြရမှာဖြစ်ပါတယ်။ အခြေအနေအရ အချိုးမညီစွာ ဖြစ်တည်တဲ့ နိုင်ငံရေးအခြေအနေတွေ ရှိလာရင်လည်း ဒီအခြေအနေတွေကို ကွာဟချက် မကြီးမားအောင် ဘယ်လို ကြိုးစားရမလဲဆိုတာ အမြဲ အာရုံစိုက်နေရမှာဖြစ်ပါတယ်။ 

ကျွန်တော်တို့ဟာ တိုင်းရင်းသားလွတ်မြောက်ရေးတိုက်ပွဲ တွေရဲ့ စစ်ရေးအောင်ပွဲရလဒ်တွေကို စစ်မှန်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဝိုင်းဝန်း အားထုတ် ကျေးဇူးပြုကြဖို့ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ တွေဟာ စကားလုံးအနေနဲ့ ရှိရမှာ မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် ကာယကံမြောက် ပြသနိုင်ဖို့ အထူးလိုအပ်ပါတယ်။ 

တိုင်းရင်းသားလွတ်မြောက်ရေး တိုက်ပွဲတွေနဲ့ နွေဦးတော်လှန်ရေးဟာ ထပ်တူ ထပ်မျှဖြစ်ကြောင်း သတိချပ်ဖို့ လိုပါတယ်။ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လူ့အခွင့်အရေး ပြည့်ဝသော ပြည်ထောင်စုတည်ဆောက်ရေးမှာ/  စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ / အာမခံချက် ရှိတဲ့ အဆင့်အတန်းမျိုးကို ကောင်းစွာ ရရှိလိမ့်မယ်လို့ ပြောကြားအပ်ပါတယ် ခင်ဗျား….။ 

အရေးတော်ပုံမုချအောင်ရမည်....