အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက် 

၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တစ်ဆစ်ချိုး အပြောင်းအလဲတွေ ရှိလာမယ့် နှစ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးက မဟာမိတ်စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သောအစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေ အကူအညီတွေလည်း ရသင့်သလောက် ရထားကြတာ တွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်ရပါတယ်။ ဒီနေရာမှာ ကျွန်တော့် ယူဆချက်တချို့ကို တင်ပြချင်တာ ရှိပါတယ်။ 

နိုင်ငံရေးဆိုတာ “ဖြစ်နိုင်ချေ ရှိတာကိုလည်း လုပ်ရတယ်၊ ဖြစ်ချင်တာကိုလည်း မျက်ခြေပြတ်လို့ မရဘူး” လို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကို လုပ်မှလည်း လက်တွေ့နိုင်ငံရေးမှာ ရလဒ်ပေါ်အောင် လုပ်နိုင်လိမ့်မယ်။ ဒါမှမဟုတ်ရင် ရလဒ်မပြနိုင်တဲ့ ကိစ္စတွေနဲ့ပဲ ဝဲလည်လိုက်နေလိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ယခု လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးမှာ ပြတ်သားတဲ့ နိုင်ငံရေးရည်မှန်းချက် တိတိကျကျ ရှိထားပါတယ်။ ဒီနိုင်ငံရေးရည်မှန်းချက်တွေဟာ ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ဖြစ်သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ နိုင်ငံရေးရလဒ်မျိုးလည်း ထွက်ဖို့လိုပါတယ်။ အဲသည့်အတွက် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံး ဝိုင်းဝန်းကြိုးပမ်းနေကြတယ်လို့ ယုံကြည်ပါတယ်။ 

ဒီနေ့ ပစ္စုပ္ပန်ကာလမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် ဦးရေကလည်း ပြည်တွင်းမှာရော နယ်စပ်ဒေသတွေမှာပါ အင်မတန် များပြားလာနေတာတွေ့ရပါတယ်။ တစ်ရက် တစ်ရက် ပြည်ပနိုင်ငံအသီးသီးကို ရရာ လမ်းကြောင်းကနေ ရွေ့ပြောင်းနေတဲ့ ပြည်သူလူထု အရေအတွက်ကလည်း မနည်းတော့ပါဘူး။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း လူမှုကူညီကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်တွေရှိနေဆဲ ဖြစ်တာတွေ့ရပါတယ်။ လူထုရဲ့ ခံစားချက်ဟာ နွေဦးတော်လှန်ရေးရေချိန် အပြောင်းအလဲကို လွှမ်းမိုးသက်ရောက်နေပါတယ်။ ဒါ့ကြောင့် အထွေထွေ အကျပ်အတည်းဒဏ်ကို ခံစားနေရတဲ့ ပြည်သူလူထုဟာ နွေဦးတော်လှန်ရေး အပေါ် ဘယ်လိုသဘောထားမျိုးရှိသလဲဆိုတာကို အထူးပြု စောင့်ကြည့်လေ့လာဖို့လည်း တိုက်တွန်းချင်ပါတယ်။ 

လက်ရှိ အခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက်အဖြစ် ရှုမြင်ဖို့လိုအပ်ပါတယ်။ စစ်ရေးစိုးမိုး ဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ်ဆောင်ဖို့လည်း ပြောချင်ပါတယ်။ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက် မသွင်း နိုင်ရင် အဲသည့်နေရာမှာ တကယ်ခုခံတော်လှန်နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ် မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ်နိုင်ချေ ရှိသလို၊ မြေပြင်မှာလည်း လက်တွေ့ လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ်တာ တွေ့ရပါတယ်။ 

ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ  စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန်တော် မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ အထူးသဖြင့် ကျွန်တော့်အနေနဲ့ ပြောချင်တာ တစ်ခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရမဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း လုပ်မယ်။ ဖြစ်သင့်တာတွေကို ဖြစ်နိုင်ချေရှိလာအောင်လည်း ကြိုးစားကြမယ်။ အထူးသဖြင့် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြချင်ပါတယ်။ နိုင်ငံရေးမှာ ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေးဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အရေးကြီးတာ မှန်ပေမယ့် သူ့ချည်းသက်သက်နဲ့ လုံးဝ မရဘူးဆိုတာ/ ကျွန်တော်တို့အစိုးရအဖွဲ့ဝင်အားလုံး နားလည်ပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် လက်တွေ့နိုင်ငံရေးရလဒ်/ လက်တွေ့ စစ်ရေးရလဒ်တွေနဲ့ပဲ ပြည်သူလူထု ယုံကြည်မှုရအောင် စည်းရုံးကြပါလို့ တိုက်တွန်းချင်ပါတယ်။ 

အရေးတော်ပုံ အောင်ရမည်...