အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက် 

 တော်လှန်ရေးဟာ နေရာတိုင်းမှာ အရှိန်အဟုန်နဲ့ သွားနေချိန်မို့ တော်လှန်ရေးအင်အားစုတွေဘက်က အားသာမှုတွေ၊ အောင်မြင်မှုတွေကို ကြားသိရလို့ ဝမ်းသာအားတက်မှုတွေ ဖြစ်ရသလို ကျွန်တော်တို့ရဲ့ ပြည်သူတွေ ပုံစံမျိုးစုံနဲ့ ဒုက္ခခံနေရတာ၊ အသက်ဆုံးရှုံးမှုတွေ ဖြစ်နေရတာကို ကြားသိရတာ  အင်မတန်  ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်နေ့နဲ့ ၆  ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပုသိမ်ထောင်တွင်း  အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုဖြစ်စဉ်ဟာဆိုရင် အကြမ်းဖက်စစ်အုပ်စု  လက်အောက်ခံ ထောင်ဝန်ထမ်းတွေရဲ့ ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက် ထောင်တွင်းအကြမ်းအဖက်မှုတွေ လုပ်ဆောင်လာတာ ဒီတစ်ခေါက် တော်လှန်ရေးမှာ ပိုမိုဆိုးရွားတဲ့ ညှင်းပန်း နှိပ်စက်မှုတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ၊ နှိပ်စက်မှုတွေ ပြုလုပ်နေတာကို အင်မတန် စိတ်ပျက်ဖွယ် တွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခုဖြစ်စဉ်အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ မတရားသတ်ဖြတ်မှုများနဲ့ ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းကာ သက်ဆိုင်ရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်း စသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ တရားမျှတမှု ဖော်ဆောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်။ 

 ကျွန်တော့်အနေနဲ့ ဒီတစ်ပတ်အတွင်းမှာ ကျွန်တော်တို့ ဝန်ကြီးချုပ်ရုံးက တာဝန်ယူ ချိတ်ဆက်ထားတဲ့ CDM Focal တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ လက်ရှိ အခက်အခဲ အခြေအနေတွေအပြင် သူတို့ရဲ့ တော်လှန်ရေးအပေါ် သဘောထားအမြင်တွေနဲ့ တော်လှန်ရေးအောင်မြင်ပြီးနောက် သူတို့ ဖြစ်စေချင်တာတွေကို သေသေချာချာ နားထောင်ဖြစ်ပါတယ်။ မကြာတော့ခင်ကာလမှာ တော်လှန်ရေးစတင်ခဲ့တာ ၂ နှစ်ပြည့်တော့မှာဖြစ်သလို CDM တွေ တော်လှန်ရေးမှာ ပါဝင်လာခဲ့ကြတာလည်း ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၁ နှစ်ပြည့်တုန်းကလည်း ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်ပေးလိုတာတွေ ရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မစီမံနိုင်ခဲ့တာတွေ ရှိတာမို့ ဒီတစ်ခေါက်မှာတော့ သေချာ ကြိုတင်ပြင်ဆင်တိုင်ပင်ဆွေးနွေးကြပြီး CDM တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် တစ်စုံတရာ စီစဉ်ပေးနိုင်အောင် ဝိုင်းဝန်းတိုင်ပင် လုပ်ဆောင်စေချင်ပါတယ်။ ဒီအတွက် CDM Success Committee က ဦးဆောင်ပြီး လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်။

 ဒီရက်ပိုင်းတွေထဲ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အနုပညာရှင်တွေ၊ social influencer တွေ၊ fundraising community တွေနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။ သူတို့အားလုံးဟာ တော်လှန်ရေးကို အခုအခြေအနေထိ ရောက်အောင် ဝိုင်းဝန်းတွန်းအားပေးပြီး ပြည်သူ့ဘက်က ရပ်တည်နေကြတဲ့၊ တော်လှန်ရေးအတွက် အားထားရတဲ့ ပြည်သူထဲက ပြည်သူတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ သူတို့တွေနဲ့ တွေ့ဆုံရတာ အင်မတန် အားရှိပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ အဖက်ဖက်မှ ကန့်သတ်မှုတွေ၊ အခက်အခဲတွေ ကြားကနေပြီး ကြိုးစားလုပ်ဆောင်ပေးနေကြတဲ့၊ တော်လှန်ရေးကို နည်းမျိုးစုံနဲ့ ပံ့ပိုးနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်မှုနဲ့အတူ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဒီ့ထက်ပိုပြီး ကြိုးစားဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။