အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက်အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၀) ရက် 

၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကို မဖြစ်… ဖြစ်တဲ့နည်းနဲ့ ကျင်းပပြီး နိုင်ငံတကာရဲ့ တရားဝင်မှုရအောင် နိုင်ငံရေးထွက်ပေါက်ရှာလိမ့်မယ်ဆိုတာ သေချာနေတာ တွေ့ရပါ တယ်။ ဥပဒေအရပ်ရပ်ကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစားနေရုံ သာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဥ်နှင့်အမျှ သတ်ဖြတ်၊ ညှင်းပမ်း နှိပ်စက်၊ ဖျက်ဆီးနေသော အကြမ်းဖက် စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိပေ။ ၄င်းတို့ ကျင်းပမည်ဆိုသော "ရွေးကောက်ပွဲ" ဆိုတာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ ပြဿနာ၏ ထွက်ပေါက် နှင့် အဖြေ လုံးဝ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပါတယ်။ 

အကြမ်းဖက် စစ်အုပ်စု၏  "ရွေးကောက်ပွဲ" ဟာ ၎င်းတို့ အာဏာသက်ဆိုးရှည်ရေး နှင့် ၎င်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေး အတွက် ရည်ရွယ်‌လုပ်ကြံသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာဖြစ်ပြီး ၄င်း "တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ" ကို ကျွန်ုပ်တို့ ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုပါတယ်။  

ကျွန်တော်တို့ NUG အစိုးရအနေနဲ့ နိုင်ငံခြားဆက်ဆံရေး၊ သံခင်းတမန်ခင်းကိစ္စတွေမှာ အပြုသဘောဆောင်သော တိုးတက်သော အလားအလာတွေကို ခပ်စိပ်စိပ်တွေ့မြင်လာရလို့လည်း ကျွန်တော့်အနေနဲ့ အထူးဝမ်းသာဂုဏ်ယူမိပါတယ်။ ထို့အတူ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ရွေးချယ်ခံရမှု အပေါ် ထောက်ခံဝန်းရံခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဖယ်ကျဉ်ထားဖို့ တောင်းဆိုလိုပါတယ်။ ယနေ့ မြန်မာနိုင်ငံ အတွင်း ယိုယွင်းပျက်စီးနေမှုနှင့် အကြမ်းဖက်မှုလုပ်ရပ်အားလုံးရဲ့ တာဝန်ခံသည် စစ်ကောင်စီ အကြမ်းဖက်အုပ်စုသာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖီဆန်တော်လှန်ခြင်းအရေးကိစ္စဟာ အင်မတန်ကျယ်ပြန့်တဲ့ကိစ္စ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး စတင်ပြီးချိန်ကလည်းက  ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုဟာ အုံလိုက်ကျင်းလိုက် အားကောင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ်မှာ ဒေါက်တိုင်အဖြစ် ပူးပေါင်းပါဝင်နေသူတွေကို လူမှုရေးပြစ်ဒဏ်ခတ်တာ၊ သပိတ်မှောက်ဆန့်ကျင်တာတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းခဲ့ပါတယ်။ 

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုတာ “ရုံးမတက်ဘူး” ဆိုတဲ့ လှုပ်ရှားမှုထက် ပိုမိုကျယ်ပြန့်တာကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် တခြားသော ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထပ်မံလုပ်ဆောင်နိုင်တာ တွေ ရှိနေသေးတယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ချင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ မည်သည့်အာဏာဖီဆန်ရေးကိစ္စမဆို သေးဖွဲသည်ဟူ၍ မရှိပါဘူး...။ ဒီအမြင် ဒီအယူအဆကို အခြေခံပြီး လူထုကကျယ်ကျယ်ပြန့်ပြန့်နဲ့ နည်းနာပေါင်းစုံ ကဏ္ဍပေါင်းစုံမှာ အသွင်သဏ္ဍာန်ပေါင်းစုံနဲ့ စစ်အာဏာရှင်ကို အာဏာဖီဆန်ဖို့ လှုံ့ဆော်စည်းရုံးနေရမယ်လို့ ယူဆပါတယ်။ 

၂၀၂၃ ခုနှစ်ဟာ စစ်ရေး/ နိုင်ငံရေး အချိုးအကွေ့တွေ ဖြစ်လာနိုင်မယ့် နှစ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးလမ်းစဉ်တွေမှာ မဟာဗျူဟာအရ မမှားဖို့ လိုသလို နည်းဗျူဟာအားဖြင့် အလွဲအချော်တွေ မဖြစ်စေဖို့လည်း လိုပါတယ်။ အထူးသဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တုံ့ပြန်မယ့်ကိစ္စဖြစ်တယ်။ ဒါ့အပြင် မိတ်ဆွေနိုင်ငံတွေ စဉ်ဆက်မပြတ်တိုးပွားရေးနဲ့ သံတမန်ရေး ကွင်းပြင်မှာ NUG ရဲ့ ဖြစ်တည်မှု ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ပြောချင်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ကတော့ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ  ကျယ်ပြန့်တဲ့သဘောဆောင်တာကြောင့် စစ်အာဏာရှင်ကို အာဏာဖီဆန်တဲ့ကိစ္စမှာ သေးဖွဲသည်  သေးငယ်သည်လို့ သဘောမထားဘဲ နိုင်ငံရေးအရ စနစ်တကျ စည်းရုံးတိုက်တွန်းကြိုးပမ်းကြစေဖို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..။ 

အရေးတော်ပုံမုချအောင်ရမည်.....