အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၉) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက် 

စစ်ကောင်စီ၏ အရပ်သားများ အပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ နိုင်ငံရေး အကျဉ်းသားများကို ပစ်မှတ်ထား ဖိနှိပ်မှုများ၊ လူမျိုးခြား၊ ဘာသာခြား၊ အခြေခံ အလုပ်သမား လူတန်းစားများအပေါ် အနိုင်ကျင့်ပြီး ပဋိပက္ခများ ဖန်တီးနေမှုတွေဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တစ်နိုင်ငံလုံးအနှံ့မှာ အရှိန်အဟုန်နဲ့ တိုးပွား ဖြစ်ပွားနေတာ အားလုံး အသိပဲဖြစ်ပါတယ်။ တမန်နေ့က အခြေခံလူတန်းစားတွေ အဓိက အားကိုးအားထားပြု အားထားရာ ပန်းဆိုးတန်း - ဒလ ကူးတို့သင်္ဘောကို အဓိပ္ပါယ်မဲ့ အဆင်ခြင်မဲ့ ဖောက်ခွဲမှု၊ သွေးချင်း အညာဒေသတစ်ခွင်၊ တိုင်းရင်းသားဒေသအနှံ့မှာ လူသတ်၊ မီးရှို့၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို ကျွန်တော်တို့ အနေနဲ့ နေ့စဉ်နဲ့အမျှကြားသိနေရပါတယ်။ အကြမ်းဖက် စစ်တပ်နဲ့ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံတကာသိ၊ ကမ္ဘာသိ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ထိုက်တန်ရာကို အမြန်ဆုံး ဆောင်ကြဉ်းနိုင်ဖို့ ကျွန်တော်တို့အနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းကြရမှာပဲဖြစ်ပါတယ်။  

 ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ စိုးမိုးနယ်မြေတွေမှာ လူသားချင်း စာနာကဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖက်ဒရယ် ပြည်ထောင်စုသစ် တစ်ရပ် ပေါ်ပေါက်လာရေးအပြင်၊ လုံခြုံရေးကဏ္ဍအပြောင်းအလဲနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ တို့အတွက် စီမံကိန်း တွေ အများအပြားကို လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့  နိုင်ငံတကာ ကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု ကော်မတီ (IACC) ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး စစ်ဘေးသင့် ပြည်သူများရဲ့ လိုအပ်ချက်များ၊ လူသားချင်းစာနာအကူအညီများ၊ PDF များ၊ လက်နက်ကိုင်တော်လှန်ရေး မဟာမိတ်များနဲ့ ကျန် ဒီမိုကရေစီအင်အားစုများရဲ့ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရန် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေမှုများ ရှိတယ်ဆိုတာကို နိုင်ငံတကာက တရားမျှတမှုကို လိုလားတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ၊ မိတ်ဖက်နိုင်ငံတွေ သိရှိရအောင် spoke person များအနေနဲ့ပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ  ဝန်ကြီးဌာနများအနေနဲ့ပဲဖြစ်ဖြစ် များများ ပြောကြားပေးဖို့ လိုအပ်ပါတယ်။ ဒီလို အခက်အခဲကာလမှာ ဖြစ်တဲ့နည်းနဲ့ ပြည်သူတွေကို စောင့်ရှောက်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ပေးနေတဲ့ ကျွန်တော်တို့ ဝန်ကြီးများနှင့် တကွ ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများ၊ CDM များ ၊ ကူညီပေးနေကြသောစေတနာဝန်ထမ်းများအားလုံးကိုလည်း ဒီနေရာကနေပဲ အထူးကျေးဇူးတင်ကြောင်းလည်း ပြောကြားလိုပါတယ်။  

 ဒါ့အပြင် PDF များ၊ မဟာမိတ်တပ်ပေါင်းစုများရဲ့ ခုခံတွန်းလှန်စစ်ရဲ့ မြန်မာပြည်အနှံ့က အောင်ပွဲ သတင်းများကိုလည်း အားလုံးပြီး ကြားသိပြီး ဖြစ်မှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တစ်တိုင်းပြည်လုံး စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေးအတွက် စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်နေကြတဲ့ ရှေ့တန်းက ရဲဘော်ညီနောင်များ အားလုံးကိုလည်း တနိုင်ငံလုံး ကိုယ်စား ကျေးဇူးတင်ကြောင်းနဲ့ ဘေးအန္တရာယ်ကင်းကင်းနဲ့ အောင်ပွဲတွေ ဆင်နိုင်ကြဖို့လည်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ 

 နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်နှစ်ဟာ ချဉ်းကပ်လို့ လာနေပြီဖြစ်သလို ကျွန်တော်တို့ အားလုံးဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံကိန်းရဲ့ လုပ်ဆောင်ရမဲ့ ဦးစားပေးလုပ်ငန်းစဉ်များအပေါ်မှာ မျက်ခြေမပြတ်စေပဲ တစ်စိုက်မတ်မတ်လုပ်ဆောင်ကြရဖို့ မှာကြားရင်း စစ်အာဏာရှင်အပြီးတိုင်ပြုတ်ကျရေး၊ ဒီမိုကရေစီနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် အားသွန်ခွန်စိုက်တိုက်ပွဲဝင်နေကြသော ရဲဘော်ရဲဘက်အပေါင်းကို လေးစားဂုဏ်ပြုပါ ကြောင်းပြောကြားရင် နိဂုံးချုပ်ပါတယ်။