အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက် 

 တော်လှန်ရေးကာလမှာ တာဝန်ထမ်းဆောင်ကြရတဲ့ တော်လှန်ရေးအစိုးရအဖွဲ့ဝင်တွေဖြစ်တာ ကြောင့် သမ္မတကြီးနဲ့ကျွန်တော်အပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ အတွင်းဝန်တွေ တာဝန်ထမ်း ဆောင်ကြတဲ့အခါ ပုံမှန်ကာလတွေလိုဘဏ္ဍာငွေအင်အားနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လုံလောက် မှုမရှိတာကြောင့် စိတ်ရောလူရောပိုပင်ပန်းကြမှာအမှန်ပါပဲ။ စီမံခန့်ခွဲမှုအခက်အခဲတွေကြားကပဲ ကျား ကုတ်ကျားခဲကြိုးစားရင်း တော်လှန်ရေးအတွက်ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို တက်လှမ်းလာ နိုင်တာလည်း ရှိပါတယ်။ 

 ကောင်းမွန်တဲ့ရလဒ်တွေရှိသလို ကျွန်တော်တို့မကြားချင်တဲ့သတင်းတွေဖြစ်တဲ့ ရွာမီးရှို့ခံရတဲ့သ တင်းတွေ၊ စစ်ရှောင်ပြည်သူတွေရဲ့အခက်အခဲတွေ၊ ဖမ်းဆီးခံနေရတဲ့ ပြည်သူတွေ၊ တော်လှန်ရေး မှာအသက်ပေးသွားရတဲ့ PDF ရဲဘော်တွေ စတဲ့သတင်းတွေကိုကြားသိရတာ အင်မတန်စိတ်မကောင်း ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့စနေနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ (၇၄) ကြိမ်မြောက်  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် လူ့အ ခွင့်အရေးဆိုတာ ဘာမှန်းတောင်မသိဘဲနေလာခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော် ကာလတလျှောက်လုံးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်မှာတော့ မိမိတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို သိရှိနားလည်လာပြီး မြန်မာနိုင်ငံမှာ  လူ့အခွင့်အရေးနဲ့အညီ နေထိုင်နိုင်အောင်  ဝိုင်းဝန်းကြိုးစားခဲ့ကြ ပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ (၁) မှ စလို့ ကျွန်တော်တို့ အားလုံး မိမိတို့ ကိုယ်ပိုင်အခွင့်အရေးတွေအားလုံး ပြန်လည်ဆုံးရှုံးခဲ့ရပြန်ပါတယ်။ အခုလက်ရှိအခြေအနေမှာဆိုရင်လည်း လူမဆန်လွန်းတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ပြည်သူလူထုအပေါ်ကို နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေကို ပြုလုပ်နေ တာအားလုံးအသိပဲဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံး အမြစ်ဖြတ် ချေမှုန်းပြီးမှသာ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့၊ လူလူချင်း ညီညွတ်မျှတ လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်မယ့် လူ့ဘောင်သစ်တစ်ခုကို ကျွန်တော်တို့ထူထောင်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ဖြစ် ပါတယ်။ ပန်းတိုင်ကိုမျက်ခြေပျက်မခံဘဲ ကျွန်တော်တို့ညီညီညာညာလျှောက်လှမ်းကြရမှာဖြစ်ပါ တယ်။ 

 တကယ်တော့ ဒီကာလတွေအတွင်းမှာ စစ်ကောင်စီရဲ့လူမဆန်တဲ့ ဖိနှိပ်မှုတွေ အခံရဆုံးက ကျွန် တော်တို့ရဲ့ အညာဒေသ ဖြစ်ပါတယ်။ ဖိနှိပ်မှုတွေ ဖိစီးမှုတွေ အမျိုးမျိုးနဲ့အတူ ကျွန်တော်တို့ရဲ့ အနာဂတ်၊ ကလေးငယ်လေးတွေဟာ ဗုံးခိုကျင်း တွေတူးပြီး စာသင်ဖို့ ပြင်ဆင်နေကြတဲ့ အခြေအနေတွေကို မြင်တွေ့ရတာ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ကြားကာလဒေသန္တရ အုပ်ချုပ်ရေးကော်မတီရဲ့ အစည်းအဝေးတွေကို အပတ်စဉ် မပြတ်ဘဲ တက်ရောက်ပြီး  မြေပြင်က အသံတွေ နားထောင်ကြဖို့နဲ့ ပေါင်းစပ်လုပ်ဆောင်ရမှာတွေကို အမြဲတမ်း အားစိုက်လုပ်ဆောင် ပေးကြဖို့ တိုက်တွန်း ညွှန်ကြားနေတာ ဖြစ်ပါတယ်။ 

 ကောင်းမွန်တဲ့ရလာဒ်အနေနဲ့ကတော့ ပြီးခဲ့တဲ့သတင်းပတ် အမေရိကန်နိုင်ငံကာကွယ်ရေး ဥပ ဒေကြမ်း American National Defense Authorization Act -၂၀၂၃ မှာ BURMA Act လို့ခေါ်တဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ခြင်းဟာ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ ဒီမိုကရေစီ ရုန်းကန်မှုအောင်ပွဲဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်ရေးဝန်ကြီးဟာ EU ပါလီမန်ရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖိတ်ကြားပြီး တက်ရောက်မိန့်ခွန်းပြောခွင့်ရခဲ့တာဟာလည်း ကြီးမားတဲ့ သံတမန်ရေးအောင်မြင်မှု ဖြစ်ပါတယ်။

 များမကြာမှီကာလမှာ ရောက်ရှိလာတော့မှာဖြစ်တဲ့ ထိရောက်တဲ့ နိုင်ငံတကာ အကူအညီတွေကို အရေးကြီးသော နေရာများတွင် ထိရောက်စွာ ရောက်ရှိ စီမံခန့်ခွဲနိုင်စေဖို့  နှောင့်နှေးကျန့်ကြာမှုများ မရှိအောင် ယခုကတည်းက ဝန်ကြီးဌာနများအနေနှင့် ဦးစားပေး လိုအပ်ချက်များကို ပြင်ဆင်ထားကြစေလိုပါတယ်။ ဒီလိုပြင်ဆင်ရာမှာလည်း မိမိတို့ ဝန်ကြီးဌာန သဘောသဘာဝအရ ပုံမှန်လိုအပ်ချက်များထက် တော်လှန်ရေး တစ်နှစ်အတွင်း အောင်မြင်နိုင်ရေး ထိရောက်သည့် ဦးစားပေးမှုများ ဖြစ်စေဖို့ တိုက်တွန်းလိုပါတယ်။ စားနပ်ရိက္ခာလိုအပ်ချက်များ၊ ကျန်းမာရေး၊ စစ်ဆင်ရေးအတွက်လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ စသည်တို့ကို အဓိကထား ဦးစားပေးကြပြီး မိမိတို့ မဟာမိတ်အဖွဲ့အစည်းများရဲ့ မူဝါဒနှင့် ဦးစားပေးလုပ်ငန်းများ တစ်ထပ်တည်းကျအောင် ဆောင်ရွက်ကြဖို့မှာလည်း အရေးကြီးပါတယ်။ NDAA အတည်ပြုပြီးသည့် အခါတွင်လည်း မိမိတို့ ဝါရှင်တန် အစိုးရရုံးနှင့် အခြား သက်ဆိုင်ရာ channel အသီးသီးမှ အမေရိကန်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံကာ ယခု ထောက်ပံ့မှုများ ထိရောက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက် ကြဖို့ကိုလည်း အလေးအနက်မှာကြားလိုပါတယ်။  အမေရိကန် လွှတ်တော်များမှ ယခုကဲ့သို့ တရားဝင် NUG, NUCC နှင့် CRPH တို့ကို ထောက်ပံ့ခြင်းသည် နိုင်ငံရေးအရကြီးမားသည့် အောင်မြင်မှုဖြစ်ပါတယ်။ 

   ဒါ့အပြင် ကျွန်တော်တို့ဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့  ဒေသတွင်း မိတ်ဆွေများကို တန်ဖိုးထားသလို မြန်မာနိုင်ငံကို အာဏာရှင်စနစ်အမြစ်ပြတ်စေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တစ်ရပ်အဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး အကူအညီပေးနေတဲ့ မည်သည့် မိတ်ဆွေနိုင်ငံကို မဆို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ 

 ကျနော်တို့တော်လှန်ရေးအင်အားစုတွေ မည်သည့်အကြောင်း ကြောင့်မျှ မိမိတို့ ယုံကြည်မှုတွေ ယိမ်းယိုင်မသွားကြပဲ နိုင်ငံရေးသမိုင်းသစ်ကိုအတူတကွရေးထိုးပြီး ညီညီညွတ်ညွတ် တိုက်ပွဲဝင်သွားကြမယ့် အချိန်ကာလဖြစ်တာမို့ အခက်အခဲတွေကို အတူပူးပေါင်းရင်ဆိုင်ကြပြီး တိုက်ပွဲဝင်ဖို့လိုအပ်ပါကြောင်းပြောကြားရင်း နိဂုံး ချုပ်ပါတယ်။