အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၁၃) ရက် 

ဒီနေ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ ပြောလိုတာက လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းထိုးစစ်ဆင်ပြီး စစ်ရေးပစ်မှတ် / အရပ်သားပစ်မှတ် မခွဲခြားဘဲနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ကိစ္စဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ရေးအသာစီးရဖို့ နိုင်ငံရေးကို နည်းမျိုးစုံနဲ့ လှည့်ကွက်တွေထွင်ပြီး လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ လေကြောင်း ထိုးစစ်တွေကို အဓိကထားပြီး လုပ်လာတာဟာ စစ်ကောင်စီရဲ့ မြေပြင် ကြည်းတပ် အင်အား ယုတ်လျော့ချိနဲ့ လာတာကို ပြနေပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်ကြောင့် အရပ်သားပြည်သူ လူထုထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်ပိုများလာပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ သူတို့အနိုင်ရဖို့ သူတို့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ဘယ်ကိစ္စကိုမဆို လက်မရွံ့ လုပ်နိုင်တယ်ဆိုတာကို အထင်အရှားပြနေပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာတော့ ကျင့်ဝတ်အရ၊ စည်းမျဉ်းအရ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေအရ စစ်ကို စစ်လို မတိုက်နိုင်တာတွေ ရှိနေတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မူနဲ့ / စနစ်နဲ့ / ကျင့်ဝတ်နဲ့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းစဉ်မို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး ခုခံတော်လှန်နေရသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနေရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့ နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရပါလိမ့်မယ်။ တစ်ဖက်မှာလည်း အရပ်သားသေကြေမှုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ရမှာဖြစ်သလို မိမိတို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ ရဲဘော် ရဲဘက်တွေ အကျအဆုံး နည်းနိုင်သမျှ နည်းရေးကို အဓိကလုပ်ဆောင်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ 

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းတဲ့အခါမှာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေအပြင် နိုင်ငံရေး အမြော် အမြင်အားကောင်းသူတွေလည်း ပါဝင်ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိသူတွေလည်း ပါဝင်စေသင့်တယ်လို့ ယူဆပါတယ်။ ဒီလိုပါဝင်လုပ်ဆောင်မယ့် သူတွေဟာ တော်ရုံ ထူးချွန်ရုံ သက်သက် မဟုတ်ဘဲ၊ နိုင်ငံနဲ့ တော်လှန်ရေးပေါ်မှာ စေတနာစိတ်ထားသူတွေလည်းဖြစ်ဖို့ လိုပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ ဘုံသဘောတူညီမှု/ ဘုံရည်မှန်းချက်ကို အခြေခံပြီး တော်လှန်ရေးအင်အားစုတွေကို စုဖွဲ့ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံစံနှုန်းတွေကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူဘောင်တွေအဖြစ် ကိုင်ဆွဲ အသုံးပြုရပါလိမ့်မယ်။ ဒါဟာ နွေဦးတော်လှန်ရေးအင်အားစုတွေအတွင်းက ဘုံနိုင်ငံရေးရည်မှန်းချက်တွေလည်းဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှု ရှိထားရေး အပေါ်မှာ မူတည်နေပါတယ်။ ဒါ့ကြောင့် ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှား ဆုပ်ကိုင်ပြနိုင်တဲ့ စစ်ရေး အောင်နိုင်မှုတွေရအောင်လည်း  ကျွန်တော်တို့ ကြိုးစားကြရမယ်။ တစ်ဖက်မှာလည်း ပြည်တွင်းနိုင်ငံရေး ထောက်ခံမှုရေချိန် လျော့ပါးမသွားအောင် လုပ်ထားရပါလိမ့်မယ်။ ပြည်ပနိုင်ငံတွေထဲမှာ မိတ်ဆွေ နိုင်ငံတွေ တိုးပွားရေးကို အစဉ်တစိုက် လုပ်ဆောင်နေရပါလိမ့်မယ်။ ပြည်တွင်းက တော်လှန်သောအစုအဖွဲ့အားလုံးနဲ့ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်းထားရမှ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 

အရေးတော်ပုံမုချအောင်ရမည်....