အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၆) ရက် 

လွန်ခဲ့တဲ့ ဒီဇင်ဘာ (၁) ရက်နေ့၊  REUTER NEXT အစီအစဉ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ စီးပွားရေးပညာရှင်တွေနဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ညီလာခံမှာ ပြောကြားတဲ့ အင်တာဗျူးကိစ္စနဲ့ ပတ်သက်တဲ့အချက်တချို့ ဖြစ်ပါ တယ်။ မြန်မာ့နိုင်ငံရေးအကဲဆတ်နေချိန်မှာ၊ အားလုံးဟာ သွေးပူသွေးဆူနေတော့ အင်တာဗျူးမှာ ကျွန်တော် ဖြေကြားခဲ့တဲ့ အချက်အလက်တချို့နဲ့ပတ်သက်ပြီး ပြည်သူအချို့မှာ စိုးရိမ်ကြောင့်ကြမှုတွေ ပေါ်လာတယ်လို့ ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေကို ထပ်မံရှင်းလင်းတင်ပြချင်တာ ရှိပါတယ်။ 

နံပါတ် (၁) ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရစစ်စစ် ဖြစ်တာကြောင့်၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဆန့်ကျင်တဲ့ လမ်းစဉ်/မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်တာမျိုး မလုပ်ဘူးဆိုတာ တိတိကျကျပြောလို တယ်။ အထူးသဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) မဖြစ်မနေ ရယူလုပ် ဆောင်ဖို့ တိတိကျကျ ပြတ်ပြတ်သားသား ပြင်ဆင်ထားကြရပါမယ်။ နိုင်ငံတကာသတင်းမီဒီယာတွေကနေ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေကို သတင်းမက်ဆေ့ချ်ပေးတဲ့အခါ အချိန်အကန့် အသတ်ကြောင့် ပြည့်ပြည့်စုံစုံ မပြောနိုင်တာတွေ ရှိခဲ့ပါတယ်။ မြန်မာပြည်သူလူထုဟာ  အကြမ်းဖက်စစ်ကောင်စီ က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရအောင် မလုပ်နိုင်ဘဲနဲ့ စစ်မှန်တဲ့ အပြောင်းအလဲ မဖြစ် ဘူးလို့ ခံယူထားကြပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ သဘောထားနဲ့ ထပ်တူဖြစ်ကြောင်း ထပ်လောင်း ပြောကြားချင်ပါတယ်။ 

နံပါတ်(၂) အနေနဲ့ ပြည်သူလူထုစိုးရိမ်ပူပန်နေတဲ့ ကိစ္စကို ပြောချင်ပါတယ်။ လူထုဟာ စစ်အုပ်စုကို သူတို့ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက စဉ်းစားခန်းထုတ်နေပြီလားလို့ ထင်မြင်နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာ/ နားလည်ပေးချင်စရာ တစ်ကွက်မှ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒလမ်းစဉ် ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်း လမ်းစဉ်ဖြစ်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်။ ယနေ့ အစိုးရအဖွဲ့အစည်းအဝေးကနေ ပြည်သူလူထုကို ဒီသတင်းစကားမျှဝေကြဖို့ ကျွန်တော့်အနေနဲ့ အထူးတိုက်တွန်း လိုပါတယ်။ 

နံပါတ် (၃) အချက်အနေနဲ့ စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင်ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ဖို့ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ်တပ်မတော်ဟာ ပရော်ဖက်ရှင်နယ်တပ်မတော် ဖြစ်ရလိမ့်မယ်။ ယခု မြန်မာစစ်တပ်လို နိုင်ငံရေးထဲ အမြဲတမ်း ဝင်ပါနေတာမျိုး လုံးဝ လက်မခံနိုင်ပါဘူး။ ဒါကို အမြော်အမြင်ရှိရှိနဲ့ သေချာထည့်သွင်းစဉ်းစားထားကြရမှာ ဖြစ်တယ်။ ဒါ့အပြင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးလို့ခေါ်တဲ့ security sector reform ကိစ္စတွေကိုလည်း အထူးတလည် ထည့်သွင်းလုပ်ဆောင်ရပါလိမ့်မယ်။ 

စစ်အာဏာရှင်အမြတ်ပြတ်သုတ်သင်ချေမှုန်းရေးအတွက် တော်လှန်ရေးမှာ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေ/ အာဇာနည်တွေကို အမြဲတမ်း အစဉ်တစိုက် ဦးညွှတ်နေမှာ ဖြစ်တယ်။ တော်လှန်ရေးရဲဘော် တွေရဲ့ အသက်ပေးစွန့်လွှတ်အနစ်နာခံမှုတွေကို အကျိုးမဲ့ အလဟဿ မဖြစ်သွားအောင် ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်နေကြရမယ်။ တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးတန်းတူအခွင့်အရေးအတွက် မိသားစုပေါင်းများစွာက ဆွေစဉ်မျိုးဆက် တော်လှန်ရေးအမွေကို ဆက်ခံပြီး တရားမျှတသောတော်လှန်ရေးအတွက် အထွေထွေသော ကြိုးပမ်းချက်တွေဟာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ တော်လှန်သောမြှုပ်နှံမှုတွေ ဖြစ်တယ်။ စစ်အာဏာရှင် တော်လှန်ရေးမှာ အသက်နဲ့ခန္ဓာကို ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့သူအပေါင်းနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအတွက် အသွင်ကူးပြောင်းရေးအလွန်ကာလမှာ တရားမျှတမှုရရှိရေးအတွက် ကျွန်တော်တို့အားလုံး အဓိကထား ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါဟာ စစ်မှန်သောလူထုရဲ့ လိုလားချက်ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ရင်း နိဂုံးချုပ်ပါတယ်။ 

အရေးတော်ပုံမုချအောင်မြင်ရမည်......