အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက် 

 ဒီတစ်ပတ်အတွင်း တော်လှန်ရေးအနေအထားက နိုင်ငံရေးဘက်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတာတွေ ရှိသလို စစ်ရေးအပိုင်းကလည်း လှုပ်ရှားမှု ပိုမို အားကောင်းလာတဲ့ နေရာတွေ ရှိတာ တွေ့ရပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ များလာတာနဲ့     အမျှ ထိခိုက်နစ်နာရတဲ့ ပြည်သူတွေ၊ အသက်ပါဆုံးရှုံးရတဲ့ ပြည်သူ့ဘက်တော်သားတွေရဲ့ သတင်းတွေ ကြားသိရတာလည်း အင်မတန် စိတ်ထိခိုက်ရပါတယ်။ ဒီလို သတင်းတွေ ကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ 

-နံပါတ် (၁) က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ 

-နံပါတ် ( ၂ ) က တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကို အကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်။ 

ဒီ ၂ ချက်ကို ကျွန်တော်တို့ အစိုးရနဲ့ နောင်အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွေမှာ သေသေချာချာ စီစဉ်သွားဖို့ လိုအပ် ပါလိမ့်မယ်။ 

 တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်၊ ဝေဝေဝါးဝါးဖြစ်စေမယ့် နည်းလမ်းတွေ သုံးလာမှာ ဖြစ်ပါတယ်။ 

 ပြီးခဲ့တဲ့ အပတ်အတွင်းမှာ နယ်စပ်ဒေသဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း    IMM အစည်းအဝေးမှာ တိုင်ပင်ဆွေးနွေးကြတယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက်လည်း ချက်ချင်းကူညီနိုင်တာ ကူညီ ဆောင်ရွက်ကြသလို ထပ်မံပြီးလည်း အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြား လိုပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းက ပြည်သူတွေ၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာတဲ့ ပြည်သူတွေ အားလုံးဟာ ဒုက္ခမျိုးစုံခံနေရတာကြောင့် ဒီဒုက္ခတွေရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့၊ တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတွက်ကိုတော့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်စုတစ်စည်းတည်း လက်တွဲပြီး ချီတက်နိုင်ဖို့ဆိုတာကတော့ အရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါတယ်။ 

 ဒီတော်လှန်ရေးဟာ နိုင်ငံရေးကဏ္ဍတစ်ခုတည်းနဲ့ သွားလို့ရတဲ့ တော်လှန်ရေး မဟုတ်သလို စစ်ရေးချည်း သီးသန့်နဲ့ အဖြေရှာနိုင်မယ့် တော်လှန်ရေးလည်း မဟုတ်ပါဘူး။ ရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်း များစွာ တည်ရှိနေတဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်တာမို့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို မလစ်ဟင်းစေဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍအလျောက်၊ ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍအလျောက်၊ လူသားစာနာဝန်ကြီးဌာနကလည်း လူသား စာနာ ကဏ္ဍအလျောက် ဟန်ချက်ညီညီ ထောင့်စေ့အောင် စီမံသွားကြဖို့ တိုက်တွန်းလိုပါတယ်။

 မနေ့က ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး မှာ အခွန်ဘဏ္ဍာတွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း မြေပြင်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိ၊ ညီညီမျှမျှ အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ဖို့လည်း ကြိုးစားအားထုတ်ကြဖို့ လိုမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံမှုအပိုင်းမှာလည်း မြေပြင်မှာ ကောက်ခံတဲ့ အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်အဆက်မိမိ မူဝါဒ၊ လုပ်ပိုင်ခွင့်တွေနဲ့အညီ ဖြစ်စေဖို့ ဝန်ကြီးဌာနများမှ စနစ်တကျ ကြီးကြပ်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်။ 

 ဒီနေ့အစည်းအဝေးမှာ တင်ပြမယ့် နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းမှုကော်မရှင်ရဲ့ International Donor များနဲ့ တွေ့ဆုံမယ့်ကိစ္စဟာဆိုရင်လည်း အင်မတန် အရေးကြီးတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ တော်လှန်ရေးရဲ့ ဘဏ္ဍာရေးကဏ္ဍအတွက် အထောက်အကူဖြစ်စေမယ့် အစီအစဉ်ဖြစ်တာကြောင့် ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်း ရင်း နိဂုံးချုပ်ပါတယ်။ 

အရေးတော်ပုံ အောင်နေပြီ...