အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၉) ရက် 

     မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်တွင်းနိုင်ငံရေးရေချိန်နဲ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းတွေကြားမှာ ချိတ်ဆက်ရပ်တည်နေရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ အင်အားကို ယုံကြည်ပါတယ်။ ပြည်ပရောက် မြန်မာပြည်သူလူထုရဲ့ အင်အားကိုလည်း လျော့မတွက်ပါဘူး။ ဒါ့အပြင် နိုင်ငံတကာ နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူမရှုပါဘူး။ ဒါကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ နိုင်ငံရေး သဘောထားပဲ ဖြစ်ပါတယ်။ 

     ပြည်သူလူထုရဲ့ သဘောထားဆိုတာ အတက်အကျ အနိမ့်အမြင့်တွေ ရှိနေတတ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားကိုလည်း သိမြင်နားလည်အောင် လုပ်ရပါလိမ့်မယ်။ နိုင်ငံတကာရဲ့အားနဲ့ ပြည်တွင်းကအားကို လိုက်လျောညီ ထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးဟာ အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိပါတယ်။ 

     ပြည်တွင်းပြည်ပ အသီးသီးမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကလည်း နွေဦးတော်လှန်ရေးရဲ့ နဂိုမူလ ထောက်ပံ့ရေး အရင်းအမြစ်တွေ ဖြစ်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ပြည်တွင်းက ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကို ကျွန်တော်တို့ သိမ်းကြုံးရယူထားဖို့ လိုသလို၊ နိုင်ငံတကာ အစိုးရတွေရဲ့ လေးစားယုံကြည်မှုကိုလည်း တည်ဆောက်ထားနိုင်ရပါလိမ့်မယ်။ လူထုရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုဟာ တရားဝင်အစိုးရ တစ်ရပ်ဖြစ်ခြင်းရဲ့ အဓိက အချက်ဖြစ်ပါတယ်။ 

     နိုင်ငံတကာအသိုင်းအဝန်းရဲ့ သဘောထားတွေဟာ ပြည်တွင်းက လူထုရဲ့ သဘောထားတွေရဲ့ အရိပ် အယောင်နဲ့လည်း ချိတ်ဆက်ထင်ဟပ်နေတယ်လို့ ယူဆပါတယ်။ လူထုအားကို နိုင်ငံတကာအသိုက်အဝန်းက အလွန်အကျွံ မငြင်းဆန်ဝံ့ပါဘူး။ ဒါကို သိနားလည်ပြီး ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးပုံရိပ်ကို ပြည်တွင်းက လူထုရဲ့ သဘောထားနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘော ထားကို ပူးတွဲချိတ်ဆက်ထားကြဖို့ ဖြစ်ပါတယ်။ 

     ကျွန်တော်တို့ သတိထားရမှာက နိုင်ငံတကာနိုင်ငံအားလုံးဟာ ကျွန်တော်တို့အတွက် အားလုံးမိတ်ဆွေတွေဖြစ်ဖို့ ခဲယဉ်းပေမယ့် သူတို့ကို ကျွန်တော်တို့နဲ့ ရန်သူတွေ မဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေ များပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ နိုင်ငံတကာရဲ့ အင်အားနဲ့ ပြည်တွင်းလူထုရဲ့ အင်အားကို ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို ကျွန်တော်တို့ အားလုံး အတူ တကွ လက်တွဲကြိုးပမ်းပြီး ချီတက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….။ 

အရေးတော်ပုံ မုချအောင်မြင်ရမည်။