အမျိုးသားညီညွတ်ရေးအစိုးရ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်
နိုင်ငံတကာရဲ့ အားနဲ့ ပြည်တွင်းက အားကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား
နိုဝင်ဘာ ၂၉ ၊ ၂၀၂၂
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်တွင်းနိုင်ငံရေးရေချိန်နဲ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းတွေကြားမှာ ချိတ်ဆက်ရပ်တည်နေရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ အင်အားကို ယုံကြည်ပါတယ်။ ပြည်ပရောက် မြန်မာပြည်သူလူထုရဲ့ အင်အားကိုလည်း လျော့မတွက်ပါဘူး။ ဒါ့အပြင် နိုင်ငံတကာနိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူမရှုပါဘူး။ ဒါပေမယ့် တော်လှန်ရေးတစ်ခုမှာ အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာ ရှိထားရေးဟာ အရေးကြီးပါတယ်။ ဒါကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ နိုင်ငံရေးသဘောထားပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားဆိုတာ အတက်အကျ အနိမ့်အမြင့်တွေ ရှိနေတတ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ နိုင်ငံတွေမှာလည်း သီးခြားနိုင်ငံရေးအာဂျင်ဒါတွေ ရှိတတ်ကြပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောထား တိမ်းညွှတ်မှုတွေကို စနစ်တကျ ဆန်းစစ်သုံးသပ်ပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေတွေကို ထည့်သုံးရပါလိမ့် မယ်။ ပြည်သူလူထုရဲ့ သဘောထားကိုလည်း ခြေခြေမြစ်မြစ် သိမြင်နားလည်အောင် လုပ်ရပါလိမ့်မယ်။ နိုင်ငံတကာရဲ့ အားနဲ့ ပြည်တွင်းက အားကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိပါတယ်။ အထူး သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောထား အခြေအနေကို လက်တွေ့ ကျကျ သိမြင်နားလည်ထားပြီး ကတ်ဘိနက် အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ အချိန်နှင့်တပြေးညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် ပြည်တွင်းပြည်ပရောက် မြန်မာနိုင်ငံသားတွေက နွေဦးတော်လှန်ရေး နဂိုမူလထောက်ပံ့ရေး အရင်း အမြစ်တွေ ဖြစ်တယ်ဆိုတာနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု မရှိတော့တဲ့ အစိုးရတွေက ရေရှည်ရပ်တည်ဖို့ ခဲယဉ်း တယ်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုထောက်ခံမှု မြင့်မားအောင်လုပ်ဖို့ လိုတယ်ဆိုပြီး တော့ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။ လူထုထောက်ခံစေချင်ဇောနဲ့ လက်တွေ့နဲ့ ကင်းကွာတဲ့ မျှော် လင့်ချက်တွေကို အထိန်းအကွပ်မဲ့ ပြောဆိုလုပ်ဆောင်တာတွေကို တက်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အတွက်လည်း သတိပေးပြောကြားထားပါတယ်။
ဆက်လက်ပြီးတော့လည်း “နိုင်ငံတကာအသိုင်းအဝန်းရဲ့ သဘောထားတွေဟာ ပြည်တွင်းက လူထုရဲ့ သဘောထားတွေရဲ့ အရိပ်အယောင်နဲ့ လည်း ချိတ်ဆက် ထင်ဟပ်နေတယ်လို့ ယူဆပါတယ်။ လူထုအားကို နိုင်ငံတကာအသိုက်အဝန်းက အလွန်အကျွံ မငြင်းဆန်ဝံ့ပါဘူး။ ဒါကို သိနားလည်ပြီး ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးပုံရိပ်ကို ပြည်တွင်းက လူထုရဲ့ သဘောထားနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောထားကို ပူးတွဲချိတ်ဆက်ထားကြဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီတွေဟာ ပြည်တွင်းက ပြည်သူလူထုရဲ့ သဘောထားရေချိန်ကို ကြည့်ပြီး အနိမ့်အမြင့် အတက်အကျ ရှိနေတတ်ပါတယ်။ ဒီသဘောတရားကို သတိချပ်ပြီး နွေဦးတော်လှန်ရေးရဲ့ အရှိန်ကို လိုက်လျောညီထွေရှိရှိ စီမံတွန်းတင်ကြဖို့ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတက ပြောကြားလိုက်ပါ တယ်။
နိုင်ငံတကာကို ကြည့်ရင် နိုင်ငံအားလုံးဟာ မိတ်ဆွေတွေ ဖြစ်ဖို့ ခဲယဉ်းပေမယ့် ရန်သူတွေ မဖြစ်အောင်လုပ်ရ မယ်ဆိုတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် အားလုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေ များပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့အတွက်လည်း ယာယီသမ္မတက တိုက်တွန်း ပြောကြားထားပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ဒီတစ်ပတ်အတွင်း တော်လှန်ရေးအနေအထားက နိုင်ငံရေးဘက်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတာတွေ ရှိသလို စစ်ရေးအပိုင်းကလည်း လှုပ်ရှားမှု ပိုမို အားကောင်းလာတဲ့ နေရာတွေ ရှိတာ တွေ့ရပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ များလာတာနဲ့ အမျှ ထိခိုက် နစ်နာရတဲ့ ပြည်သူတွေ၊ အသက်ပါဆုံးရှုံးရတဲ့ ပြည်သူ့ဘက်တော်သားတွေရဲ့ သတင်းတွေ ကြားသိရတာလည်း အင်မတန် စိတ်ထိခိုက်ရပါတယ်။ ဒီလို သတင်းတွေ ကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ နံပါတ် (၁) က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ နံပါတ် ( ၂ ) က တော်လှန် ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကို အကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်။ ဒီဒုတိယအချက်ကိုတော့ ကျွန်တော်တို့ အစိုးရနဲ့ နောင် အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွေမှာ သေသေချာချာ စီစဉ်သွားဖို့ လိုအပ် ပါလိမ့်မယ်။ နောက်တစ်ခု ပြောကြားလိုတာကတော့ အရင်ကလည်း ပြောခဲ့ဖူးသလို တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ အကြမ်း ဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်၊ ဝေဝေဝါးဝါး ဖြစ်စေမယ့် နည်းလမ်းတွေ သုံးလာမှာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် နည်းလမ်းတွေပဲ ဖြစ်ပါ တယ်။ ဒါတွေအပေါ်မှာ ကျွန်တော်တို့ အစိုးရအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်မှုတွေ၊ လေ့လာမှုတွေနဲ့ ပြည်သူကို နည်းလမ်းမှန်စွာ ဦးဆောင်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အရေးကိစ္စတွေအတွက် ကြေကြေလည်လည် တိုင်ပင်ဆွေးနွေးကြ ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ကော်မတီတွေကို ချက်ချင်း အစည်းအဝေးတွေ ခေါ်ပြီး လုပ်ရမှာတွေ ရှိသလို ဒီလို အစိုးရအဖွဲ့အစည်းအဝေးတွေမှာလည်း ဆွေးနွေးရမယ့် ကိစ္စမျိုးတွေ ရှိရင် ဆွေးနွေးစေချင်ပါတယ်။ ကျွန်တော်တို့က တော်လှန်ရေးအစိုးရ ဖြစ်တာ ကြောင့် အရေးပေါ်ရင် ပေါ်သလို စီမံဆောင်ရွက်ရမှာတွေအတွက် နှောင့်နှေးမှုတွေ မဖြစ်အောင် ဝိုင်းဝန်းကြိုး စား ပေးကြဖို့ တိုက်တွန်းလိုပါတယ်။” ပြောကြားလိုက်ပါတယ်။
ဒါအပြင် နယ်စပ်ဒေသဘက်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး IMM အစည်းအဝေးမှာ တိုင်ပင်ဆွေးနွေးခဲ့တယ်ဆိုတာ၊ တိမ်းရှောင်လာရသူတွေက ဒုက္ခမျိုးစုံရင်ဆိုင်နေရပြီး အဲဒါတွေရဲ့ အဓိကရင်းမြစ်က အကြမ်းဖက်စစ်ကောင်စီဖြစ်ပြီး အမြစ်ဖြတ်နိုင်ဖို့အ တွက် တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်စုတစ်စည်းတည်း လက်တွဲ လုပ် ဆောင်ရမှာတွေကို ဝန်ကြီးချုပ်က ပြောထားပါတယ်။
ပြည်တွင်းက ပြည်သူတွေ၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာတဲ့ ပြည်သူတွေ အားလုံးဟာ ဒုက္ခမျိုးစုံခံနေရတာကြောင့် ဒီဒုက္ခတွေရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့၊ တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတွက်ကိုတော့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်စုတစ်စည်းတည်း လက်တွဲပြီး ချီတက်နိုင်ဖို့ဆိုတာကတော့ အရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့လည်း “ဒီတော်လှန်ရေးဟာ နိုင်ငံရေးကဏ္ဍတစ်ခုတည်းနဲ့ သွားလို့ရတဲ့ တော်လှန်ရေး မဟုတ်သလို စစ်ရေးချည်း သီးသန့်နဲ့ အဖြေရှာနိုင်မယ့် တော်လှန်ရေးလည်း မဟုတ်ပါဘူး။ ရက်စက်ယုတ်မာ လွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်း များစွာ တည်ရှိနေတဲ့၊ မဖြေရှင်း နိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်တာမို့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို မလစ်ဟင်းစေဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍအလျောက်၊ ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍအလျောက်၊ လူသားစာနာဝန်ကြီးဌာနကလည်း လူသား စာနာ ကဏ္ဍအလျောက် ဟန်ချက်ညီညီ ထောင့်စေ့အောင် စီမံသွားကြဖို့ တိုက်တွန်းလိုပါတယ်။ မနေ့ ကဆိုရင် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး လုပ်ခဲ့ပါတယ်။ အခွန်ဘဏ္ဍာ တွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း မြေပြင်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိ၊ ညီညီမျှမျှ အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ဖို့လည်း ကြိုးစားအားထုတ်ကြဖို့ လိုမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံမှုအပိုင်းမှာလည်း မြေပြင်မှာ ကောက်ခံတဲ့ အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်အဆက်မိမိ မူဝါဒ၊ လုပ်ပိုင်ခွင့်တွေနဲ့အညီ ဖြစ်စေဖို့ ဝန်ကြီးဌာနများမှ စနစ်တကျ ကြီးကြပ်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
မဟာမိတ်ဆက်ဆံရေးကို အထူးအလေးပေးပြီး စနစ်တကျ စီမံနိုင်ဖို့လိုတယ်၊ ကဏ္ဍအလိုက် ချိတ်ဆက်ဆောင် ရွက်နေတဲ့ ဝန်ကြီးဌာနတွေ၊ မဟာမိတ်ဆက်ဆံရေး ကော်မတီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနတွေအားလုံး တိုင်တိုင်ပင်ပင် ချိတ်ဆက်ပြီး ခိုင်မာတိကျတဲ့ မူဝါဒတစ်ခုနဲ့ စီမံဆောင်ရွက်သွားနိုင်ဖို့ လိုအပ်တယ်ဆိုပြီးတော့ လည်း တိုက်တွန်းပြောကြားထားပါတယ်။
အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက IACC လုပ်ငန်းအဖွဲ့မှ International Donor များနဲ့ တွေ့ဆုံရန် ပြင်ဆင်ထားရှိတဲ့ ဆွေးနွေးချက်တွေကို တင်ပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဆွေးနွေးတင်ပြ လာတာတွေကို ပြည် ထောင်စု ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးတာ၊ ယာယီသမ္မတက နိဂုံးချုပ် အမှာ စကားပြောကြားတာ တွေပြုလုပ်အပြီးမှာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါတယ်။