အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက် 

     တိုင်းပြည်မတည်ငြိမ်ရင်သော်လည်းကောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ရင်သော်လည်းကောင်း ပထမဆုံး ခံစားရတာကတော့ လူထုရဲ့လုံခြုံရေးနဲ့ စားဝတ် နေရေးကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၀ ခုနှစ်မှစတင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးခရီးသို့ လျှောက်လှမ်းခဲ့ရာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ သို့သော် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ မြန်မာပြည်မှာ စီးပွားရေးမတည်ငြိမ်မှုဖြစ်လာခဲ့တယ်။ စီးပွားရေး မတည်ငြိမ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိခဲ့ပါတယ်။ အဲသည့်အထဲမှာ အဆိုးရွားဆုံးကတော့ ငွေကြေးဖောင်းပွမှု အလွန်အကျွံမြင့်မားလာခြင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဆုတ်ယုတ်ပျက်ပြားသွားခြင်းတွေဖြစ်တယ်လို့ တွေ့မြင်ရပါတယ်။ 

     အတိတ်သမိုင်းမှာ မြန်မာပြည်ဟာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံစာရင်းမှာလည်း ဝင်ခဲ့ပြီးပြီ။ ဆင်းရဲမွဲတေမှု အမြင့်မားဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ပြီးပါပြီ။ အခုလည်း အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်အုပ်စုကြောင့် တိုင်းပြည်ရဲ့ လူထုဟာ ဆင်းရဲမွဲတေမှု တွင်းဆုံးကျနေပါပြီ။ စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို မြန်မာစစ်အုပ်စုနဲ့ စစ်တပ်အသိုင်းအဝိုင်း အဓိကလုပ် ဆောင်တယ်။ ခရိုနီ လူတန်းစားဆိုတာလည်း စစ်အုပ်ချုပ်ရေးကာလတွေမှာပဲ ပေါ်ထွက်လာတာဖြစ်ပါတယ်။ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကလည်း မြန်မာစစ်တပ်ဟာ တိုင်းပြည်မှာရှိတဲ့ စီးပွားရေး အရင်းအမြစ်အသီးသီးကို နှစ်ပေါင်းများစွာ ဂုတ်သွေးစုပ်ခြယ်လှယ်ဖို့ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ 

     တိုင်းပြည်အတွင်းမှာ လူတစ်စု/ လူတစ်ဖွဲ့ကပဲ နိုင်ငံအတွင်းက စီးပွားရေးအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်နဲ့ ကုန်ထုတ်စွမ်းအားစုအားလုံးကို လက်ဝါးကြီးအုပ်ထားခြင်းဟာ တိုင်းပြည်ဆင်းရဲမွဲတေ ခြင်းရဲ့ အဓိက ဇာစ်မြစ်ဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိမြန်မာ့ နွေဦးတော် လှန်ရေး အတွင်းမှာ နိုင်ငံရေးအရ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေကိုလည်း တွန်းလှန်ဖြိုဖျက်ပစ်ရမယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ ဒီအချက်ကို အထူးစဉ်းစား ကြဖို့လိုပါတယ်။ 

     တိုင်းပြည်ရဲ့ စီးပွားရေးအဆောက်အအုံတစ်ခုလုံးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေခံအဆောက်အအုံ အပေါ်မှာတည်ပြီး ဖွဲ့စည်းရတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ အပြန်အလှန် ဆက်စပ်ဖြစ်တည်နေပါတယ်။ နိုင်ငံရေးမကောင်းရင် တိုင်းပြည်စီးပွားရေးလည်း မကောင်းနိုင်ပါဘူး။ စီးပွားရေး နလန်မထူနိုင်ရင် နိုင်ငံရေးပဋိပက္ခသစ်တွေကိုလည်း ပြန်လည်ဖန်တီးနိုင်ပါသေးတယ်။ ဒီလို အပြန်အလှန်ဆက်စပ်ဖြစ်တည်မှုကို မြင်အောင်ကြည့်ပြီး လူထုရဲ့နေ့စဉ် စားဝတ်နေရေးအတွက် ကျွန်တော်တို့တတွေ လုံ့လထုတ်ကြဖို့ လိုတယ်လို့မြင်ပါတယ်။ 

     လူထုရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေကို သွယ် ဝိုက်သောနည်းနဲ့သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း ကြိုးပမ်းအားထုတ်ရမှာတွေရှိပါတယ်။ အာဏာရှင်စနစ်ကြောင့် လူထုဟာ အသက်နဲ့ ခန္ဓာလုံခြုံမှုလည်း ကင်းမဲ့နေတယ်။ လူထုရဲ့ ဓနဥစ္စာ ပိုင်ဆိုင်မှုတွေကလည်း မလုံခြုံဘူး။ အခုဆိုရင် မြို့ကြီးပြကြီးတွေမှာ နေ့စဉ်လိုလို ရာဇဝတ်မှုတွေနဲ့ သတ်ဖြတ်လုယက်မှုတွေ ဖြစ်ပွားနေတယ်။ တောနဲ့ တောင်ပေါ်ဒေသတွေမှာလည်း လူထုရဲ့ အသက်နဲ့ ဥစ္စာဓနက ဖျက်လိုဖျက်စီး အလုပ်ခံနေရတယ်။ 

     လက်နက်ကိုင်ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ တိုင်းပြည်နဲ့ လူထုဟာ ဆိုးသထက် ဆိုးရွားလာဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်က ဒီနေရာကနေ အထူးတိုက်တွန်းချင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးသာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ တွန်းလှန်ဖြိုဖျက်ဖို့ လိုအပ်နေပါတယ်။ 

     မြန်မာစစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် မသုတ်သင် မချေမှုန်းနိုင်သရွေ့ ပြည်သူလူထုဟာ နေ့စဉ်နဲ့ အမျှ စိတ်၏သောက၊ ကိုယ့်၏ ဒုက္ခနဲ့ ကြုံတွေ့နေရအုံးမှာ ဖြစ်ပါတယ်။ လူထုရဲ့ အထွေထွေလုံခြုံမှုနဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးကလည်း ချောင်လည်နိုင်ဖို့ မျှော်လင့်ဖို့ အလွန်ခက်ခဲနေပါလိမ့်မယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်ပေမယ့် တစ်ဖက်မှာလည်း တည်ဆောက်ရေးအတွက် လူထုအားကိုး အားထားထိုက်တဲ့ အစိုးရတစ်ရပ် ဖြစ်နေဖို့ ကြိုးစားနေရပါလိမ့်မယ်။ လက်ရှိကျွန်တော် တင်ပြတဲ့ အကြောင်းအချက်တွေ ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံး အလေးအနက်ထားစဉ်းစားပြီး အားထုတ်လုပ်ဆောင်ကြဖို့ ကျွန်တော့်အနေနဲ့ အထူးတိုက်တွန်းရင်း  နိဂုံးချုပ်ပါတယ် ခင်ဗျား….။ 

အရေးတော်ပုံမုချအောင်ရမည်......