အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၁ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် စက်တင်ဘာ (၁၂) ရက် 

လက်ရှိ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်နဲ့ လူထုနိုင်ငံရေးတိုက်ပွဲကို မျဉ်းပြိုင်သဖွယ် ဆုပ်ကိုင်ပြီး ချီတက်နေကြတယ်ဆိုတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ထင်သာမြင်သာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါ့အပြင် စနစ်ကို ဖြိုချတိုက်ဖျက်ရတဲ့ နာမ်ပိုင်းဆိုင်ရာတော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါဟာ hardware ပိုင်းနဲ့ software ပိုင်း လို ခွဲခြားပြီး ကြည့်မြင်နိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ hardware ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ လူထုနိုင်ငံရေးတိုက်ပွဲကတော့ နွေဦးတော်လှန်ရေးရဲ့ software ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ 

ကျွန်တော်တို့ဟာ မိမိတို့ ဦးဆောင်လျှောက်လှမ်းနေတဲ့ လမ်းခရီးရဲ့ အနေအထားကို သေချာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားဖို့ လိုပါတယ်။ ဒါမှသာလျှင် ဘေးထွက်ဆိုးကျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်ပြီး၊ လက်တွေ့အကျိုးရလဒ်တွေ များများထွက်ပေါ်အောင် လုပ်နိုင်ပါလိမ့်မယ်။ အခု နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 

နောက်ထပ်ပြောချင်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အားလုံး သတိချပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါကတော့ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတာနဲ့အမျှ လူထုရဲ့ စိတ်နေသဘော အလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာ နယ်ပယ်ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စိတ်နေသဘော တိမ်းညွှတ်ချက်တွေဟာ အလှုပ်အရမ်းဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေဟာ တော်လှန်ရေးထဲမှာ တွေ့ရလေ့ရှိတဲ့ political behavior တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။ 

ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဓလေ့နဲ့ တော်လှန်ရေးအတွေးအခေါ် သဘာဝတွေကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ တော်လှန်ရေးလှိုင်းဟာ အမြဲတမ်း တက်နေတာတော့ မဟုတ်ပါဘူး။ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်တာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေး သဘော သဘာဝကလည်း အချိန်နဲ့ အမျှ တိမ်းညွှတ်ချက်တွေ အပြောင်းအလဲဖြစ်တတ်ပါတယ်။ 

ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေဟာ နိုင်ငံရေးဝဲဩဃတွေကြားထဲမှာ တော်လှန်ရေးကြီးကို ပဲ့ထိန်းနေရတဲ့ မာလိန်မှူးတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် လှိုင်းရဲ့ သဘာဝနဲ့ မုန်တိုင်းရဲ့ သဘောကို နားလည်သဘောပေါက်ပြီး တော်လှန်ရေး ဦးတည်ချက် မပျက်မယွင်းစေဘဲ ပဲ့ကိုင်နိုင်ကြဖို့ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေနဲ့ လူထုက တွန်းတင်လိုက်လို့ ခေါင်းဆောင်တာဝန်တွေကို ယူကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ 

လူဆိုတာ အလုံးစုံ ပြည့်စုံတဲ့သူ မရှိပေမယ့်၊ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကို အထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားရပါလိမ့်မယ်။ သာမန် လူတစ်ယောက်ရဲ့ အားနည်းချက်က တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု မကြီးမားပေမယ့်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကတော့ တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ဒါ့ကြောင့် အသေးအဖွဲကိစ္စ ဖြစ်နေပါစေ သတိလက်လွတ် ပေါ့လျော့တာမျိုး မဖြစ်စေဖို့၊ ကျွန်တော့်အနေနဲ့ အထူး သတိပေးတိုက်တွန်းလိုပါတယ်။ 

နိဂုံးချုပ်အနေနဲ့ ပြောကြားချင်တာကတော့ ကျွန်တော်တို့ဟာ တော်လှန်ရေးကြီးထဲ ဖြတ်သန်းနေရတဲ့ ကာလမှာ နိုင်ငံရေးဝဲဂယက်တွေထဲ မြုပ်မသွားဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါ့အပြင် မုန်တိုင်းထဲမှာ ထူးချွန်တဲ့ ပဲ့ကိုင်ရှင်တွေ ဖြစ်ကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးခရီးကြမ်းကြီးကို သုညကနေ စတင်လိုက်တာဟာ အခုဆိုရင် အတော်ကြီး ခရီးပေါက်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဆက်သွားရမယ့် ခရီးရှည်ကြီး ရှိနေပါသေးတယ်။ ဒါ့ကြောင့် အိရောအိရော မလုပ်ဘဲ တော်လှန်ရေးဇွဲနပဲ ထက်ထက်သန်သန်နဲ့ ပန်းတိုင်ရောက်တဲ့အထိ အတူ ကြိုးစားချီတက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..။ 

အရေးတော်ပုံ မုချအောင်မြင်ရမည်။