အမျိုးသားညီညွတ်ရေးအစိုးရ ၃၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◼ CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

စက်တင်ဘာ ၅ ၊ ၂၀၂၃

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ဒီနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ လက်ရှိ တော်လှန်ရေးအင်အားစုတွေ အပါအဝင် ပြည်သူလူထုအတွက် အရေးကြီးတဲ့ အခြေခံလိုအပ်ချက် တချို့အကြောင်း အနည်းငယ် ပြောချင်ပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးက (၃) နှစ်တာ ကာလ အထိ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ ကျွန်တော်တို့တတွေဟာ ဘယ်လို ခြေလှမ်းမျိုးတွေကို ပီပီပြင်ပြင် ပေါက်ပေါက်မြောက်မြောက် လျှောက်လှမ်းထားကြပြီးပြီဆိုတာကို ပြန် လည် ဆန်းစစ်ဖို့လိုပါတယ်။ ဘယ်လိုအလုပ်မျိုးတွေဟာ ပြည်သူလူထုကို ကျေးဇူးပြုစေတဲ့ တော်လှန် ရေးအလုပ်တွေဖြစ်ပြီး ဘယ်လိုလုပ်ရပ်မျိုးတွေကတော့ ပြည်သူလူထုအတွက် ဘေးထွက်ဆိုးကျိုး ဖြစ်စေတဲ့ ကိစ္စရပ်မျိုးတွေဆိုတာကို ခွဲခြားသုံးသပ်ကြဖို့ လိုပါတယ်။ ဒီလို ပိုင်းခြားသုံးသပ်ပြီး ရှေ့ဆက် ရမယ့် တော်လှန်ရေးခရီးစဉ်တွေကို အမှားအယွင်းနည်းနိုင်သမျှ နည်းနည်းနဲ့ ရှေ့ဆက်လျှောက် လှမ်းကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့ နားမျက်စိပွင့်ရေးကို အထူးဂရုစိုက်ကြဖို့ လိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ဝေခံ သတင်းဌာနတွေက တကယ့် ပြည်သူတွေဖြစ်ပျက်နေတာတွေကို သတင်းအမှန်ထုတ်ပြန်တာ မရှိပါဘူး။ လွတ်လပ်သော သတင်း  မီဒီယာတွေက ပြည်သူတွေရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ရေးသားဖော်ပြပေမယ့်၊ သူတို့မှာလည်း သတင်းရင်းမြစ်တိကျမှုမှာ အကန့်အသတ်တွေ ရှိနေတာတွေ့ရပါတယ်။ ဒီကြားထဲမှာ ပြည်သူလူထု အနေနဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒီတော့ လက်ရှိအခင်းအကျင်းမှာ ပြည်သူတွေရဲ့ နားမျက်စိပွင့်ရေးဟာ အကန့်အသတ်  တွေ အတားအဆီးတွေနဲ့ ကြုံနေကြရပါတယ်။ ဒါတွေကို သိမြင်နားလည်ပြီး ခေတ်သစ် အိုင်တီ နည်းပညာတွေကို သုံးပြီး ကမ္ဘာကြီးနဲ့ အချိတ်အဆက် မပြတ်ရေးကို ပြည်သူ့အကျိုး ရှေ့ရှုပြီး ကြိုးစား လုပ်ဆောင်ကြဖို့ လိုပါတယ်။ ဒီအနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာလည်း ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနကနေ အင်တာနက်ရရှိရေး စီမံကိန်းဆောင်ရွက်မှုအကြောင်း ရှင်းလင်းတင်ပြဖို့ ရှိတာတွေ့ရပါတယ်။ ဒီလို စီမံကိန်းမျိုးတွေ လုပ်ဆောင်ရာမှာ ပြည်သူလူထုရဲ့ သတင်းမှန်စားသုံးနိုင်မှု မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ဒါ့အပြင် တိုင်းပြည်ခက်ခဲကျပ် တည်းနေတဲ့ ကာလအတွင်းမှာ လူထုကို မျက်စိပိတ် နားပိတ်ဖြစ်အောင် ကန့်သတ်တားဆီးတာတွေ ရှိနေလို့၊ ကျွန်တော်တို့အနေနဲ့ သမားရိုးကျနည်းလမ်းတွေကို ကျော်ပြီး လူထုကို ကူညီဖို့ တာဝန်ရှိပါ တယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “နောက်တစ်ချက်အနေနဲ့ ပြောချင်တဲ့ အချက်ကတော့ ပြည်သူ့အာဏာ ဖီဆန်ရေးလှုပ်ရှားမှု မဟာဗျူဟာ ချည်းကပ်ပုံနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ပြည်သူ့အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ဆိုတာဟာ တချိန်က သပိတ်မှောက် ကြွေးကြော်သံဖြစ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ အနှစ်သာရထက် အများကြီး ပိုလွန်တယ်ဆိုတာ သတိထားမိဖို့ လိုပါတယ်။ CDM လှုပ်ရှားမှုဆိုတာ အကြမ်းမဖက်သော လူထုတိုက်ပွဲနဲ့ နယ်ပယ် ကဏ္ဍတိုင်းမှာ အကျယ်ကျယ်ပြန့်ပြန့် တော်လှန်နိုင်တဲ့ တော်လှန်ရေးစွမ်းရည်မျိုး ရှိနေတာတွေ့ရပါ တယ်။ ဒါ့အပြင် CDM လှုပ်ရှားမှုဆိုတာဟာ လူထုတိုက်ပွဲကို ပုံသဏ္ဍာန် ဒီဇိုင်းပေါင်းစုံနဲ့ အာဏာဖီဆန် တဲ့လှုပ်ရှားမှုဖြစ်တယ်လို့ နားလည်ပါတယ်။ နိုင်ငံရေးအတွေးအခေါ် ရှုထောင့်ကနေ ကြည့်ရင်လည်း CDM လှုပ်ရှားမှုဆိုတာဟာ လူထုကြားထဲမှာ လူထုနိုင်ငံရေးနည်းကို အကျယ်ပြန့်ဆုံး၊ အသိမ်မွေ့ဆုံး နည်းနဲ့ ဆွဲဆောင်စည်းရုံးရတဲ့ လူထုလှုပ်ရှားမှုနည်းနာဖြစ်ပါတယ်။ ဒါကို သတိမူပြီးတော့ CDM  လှုပ်ရှားမှုမှာ အနှစ်အသားပြည့်ဝတဲ့ ရလဒ်တွေထွက်အောင် ဦးဆောင်လှုပ်ရှားကြဖို့ ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေးအတွင်းမှာလည်း CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် CDM  လှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီး အောင် ဝိုင်းဝန်း ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် နွေဦးတော်လှန်ရေးအတွင်းမှာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ကျတဲ့ အုပ်ချုပ် စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော်တည်ဆောက်ရေးဟာ ပဓာနကျတဲ့ တာဝန်ဆို တာ မမေ့ဖို့လိုကြောင်း ၊ တိုင်းပြည်နဲ့ လူထုကို တော်လှန်ရေးအစိုးရအနေနဲ့ ဦးဆောင်တဲ့ နေရာမှာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်တွေကို ကျင့်ကြံကြဖို့ အထူး တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အာဆီယံပြည်သူ့ဖိုရမ် (ASEAN People Forum 2023) က မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာ ဇဝတ်မှုများ ကျူးလွန်နေမှု၊  ဒေသတွင်း လုံခြုံ ရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်လာ‌နေမှုတို့ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တဲ့လုပ်ဆောင်မှုဟာ ကျွန်တော်တို့အစိုးရအနေနဲ့ အားတက် ဝမ်းသာစရာ ကိစ္စတစ်ရပ် ဖြစ်ပါတယ် ။ အရပ်ဖက်အဖွဲ့အစည်းများဦးဆောင်ပြီး နှစ်စဥ်ကျင်းပနေတဲ့ ဒီအာဆီယံပြည်သူ့ဖိုရမ်ကနေ အာဆီယံခေါင်းဆောင်များအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုမပေးရန်၊ စစ်ကောင်စီရဲ့လက်နက်နဲ့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန်၊ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်နဲ့ မြန်မာပြည်သူများရဲ့တော်လှန်ရေးကို ထောက်ခံပံ့ပိုးရန်၊ တော်လှန်ရေး အင်အားစုများအားလုံးနဲ့ ပုံမှန်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်နဲ့ ဒေသခံအဖွဲ့အစည်းများမှတဆင့် အရေးပေါ်လူသားချင်း စာနာမှုအကူအညီများကို တိုက်ရိုက်ချက်ချင်းပေးအပ်ရန်လည်း တိုက်တွန်း ပေးခဲ့တဲ့အတွက်         ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးကို အာဆီယံခေါင်းဆောင်များအနေနဲ့ လျစ် လျုမရှုစေဖို့ရန် မူဝါဒ ရေးရာအရ တွန်းအားတစ်ရပ်ဖြစ်စေတာကြောင့်လည်း ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ တော်လှန်ရေးကာလ ၂ နှစ်ကျော် ကြာလာပြီးနောက် လက်ရှိအခြေ အနေတွေကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်တာတွေ အများကြီးတွေ့ရပြီး နေ့တိုင်းလည်း ကဏ္ဍစုံက တိုးတက်မှုတွေ တွေ့မြင်နေရပါ တယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “နိုင်ငံတကာကိုပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေကိုပဲ ဖြစ်ဖြစ် နွေဦးတော်လှန်ရေးရဲ့ အခြေအနေမှန်တွေကို မှန်မှန်ကန်ကန် သတင်းအချက်အလက်ပေးပို့နိုင်ဖို့၊ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ တစ်ဆင့်ချင်းစီကို ဘယ်လို သွားမလဲဆိုတဲ့ အခြေအနေတွေကို ထိထိမိမိ အသိပေး နိုင်ဖို့ အရေးကိစ္စတွေအတွက်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်စရာတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာရဲ့ အမြင်မှာ ကျွန်တော်တို့တွေ ပေးလိုတဲ့ သတင်း စကားတွေက စုစုစည်းစည်းဖြစ်နေပါမှ သူတို့အနေနဲ့လည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို ဘယ် အပိုင်းက အားပေးကူညီထောက်ပံ့ရမလဲ သိမှာဖြစ်ပါတယ်။ ဒီအတွက်လည်း သတင်းအချက်အလက် တွေကို နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဖြန့်ဝေနိုင်ဖို့အတွက် PR Team အပါအဝင် ဝန်ကြီးဌာနများမှ ဝိုင်းဝန်းကြိုးစား ပေးစေချင်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးတွေ အရမ်းအလုပ်များကြပြီး မနားမနေ ကြိုးစားနေကြတာ သတိထားမိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် လုပ်ဆောင်ချက်တွေ ကလည်း အားရစရာကောင်းလှပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ ဖြစ်တယ်ဆိုတာကို အမြဲ သတိချပ်နေပြီး ကျွန်တော်တို့အစိုးရအနေနဲ့ ဒီတော်လှန်ရေးမှာ အဓိက တာဝန်အရှိဆုံး လုပ်ရမယ့် အလုပ်ဖြစ်တဲ့ စစ်ကောင်စီကို အပြီးတိုင် ဖယ်ရှားနိုင်ရေးကိစ္စကို အမြဲ ဦးစားပေးနေရမှာ ဖြစ်ပါတယ်။ နေ့တဓူဝ ဒုက္ခမျိုးစုံ ခါးစည်းခံနေရတဲ့ ဒုက္ခများကနေ ပြည်သူတွေကို ကယ်တင်ပေးချင်တယ်ဆိုရင် အမြစ်ဖြတ်မယ့်အရာကတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အမြစ်ကနေ ရှင်းပစ်နိုင်ဖို့ပါပဲ။ ဒါကြောင့် ဝန်ကြီးဌာနတွေရဲ့ ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းစဉ်တွေထက် တော်လှန်ရေးအတွက် တိုက်ရိုက် အားထည့် ဆောင်ရွက် ရမယ့် ကဏ္ဍတွေဘက်ကိုလည်း ပိုမိုအားဖြည့် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။  ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အောင်ပွဲရနိုင်ဖို့ဆိုရင်ဒီထက် အားစိုက်လုပ် ဆောင်ရမှာတွေအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းဖို့လိုအပ်ကြောင်း ၊ သွားမယ့်လမ်းကို နိုင်ငံတကာ တာဝန်ရှိသူတွေကလည်း ရှင်းရှင်းလင်းလင်း မြင်နေနိုင်ဖို့လိုကြောင်း နဲ့ ပြည်တွင်းမှ ပြည်သူတွေက ရှင်းရှင်းလင်းလင်း သိနေစေဖို့ သတင်းအချက်အလက် ဖြန့်ဝေမှုတွေ အားကောင်းဖို့ လိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ ဆက်သွယ်ရေး ၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အင်တာနက်ရရှိရေးစီမံကိန်း ဆောင်ရွက်မှုအခြေအနေ တင်ပြဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။