အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄) တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်

ကျွန်တော်တို့ဟာ တော်လှန်ရေးကာလအတွင်း တာဝန်ယူထားရတဲ့ တော်လှန်ရေး အစိုးရဖြစ်သည့်အားလျော်စွာ ကျွန်တော်တို့ နိစ္စဓူဝ လုပ်ဆောင်နေရတဲ့ ကိစ္စတွေဟာ တော်လှန်ရေးကို တိုက်ရိုက် ထိရောက်မှု ရှိပြီး အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင် စေမယ့် ကိစ္စမျိုးတွေအတွက် အဓိက အားစိုက်လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ တော်လှန်ရေးကို အမြန်အဆုံးသတ်နိုင်ဖို့ဆိုတာ အကြမ်းဖက် စစ်ကောင်စီ အပြီးတိုင် ပြိုကျသွားဖို့ပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အတွက် အားစိုက်လုပ်ဆောင်ရကြတဲ့အခါ တော်လှန်ရေးအလွန်ကာလမှာ ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတွေအတွက်လည်း ထည့် သွင်းစဉ်းစားပြီး လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံလို သမိုင်းကြောင်း ရှည်လျားပြီး တိုင်းရင်းသားလူမျိုး စုံလင်လှတဲ့ တိုင်းပြည်မှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ပြီးတဲ့အခါ အချင်းချင်းကြားမှာ နားလည်မှုရှိစွာနဲ့ နေထိုင်သွားကြဖို့ရန် တိုင်ပင်ဆွေးနွေး ညှိနှိုင်းစရာတွေကလည်း များမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီကို အပြီးတိုင် ဖြိုလှဲရင်း အနာဂတ်နိုင်ငံတော်အတွက်ပါ အလုပ်တွေ လုပ်နေကြရတာဖြစ်ပြီး တာဝန်တွေ များပြားလွန်းတာမို့ ဝန်ကြီးတွေအနေနဲ့လည်း အချိန်၊ ငွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို စနစ်တကျ စီမံခန့်ခွဲပြီး ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒီရက်ပိုင်းမှာဆိုရင် လူထုတော်လှန်ရေးရဲ့ စစ်ရေးအောင်မြင်မှုတွေနဲ့အတူ အကြမ်း ဖက် စစ်ကောင်စီရဲ့ ကျရှုံးမှု၊ အထိနာနေမှုတွေအပြင် ခုနောက်ပိုင်းမှာ စစ်ခေါင်းဆောင်တွေ အချင်းချင်းကြားမှာပင် အက်ကြောင်းတွေ ရှိလာတဲ့ သဘောတွေ မြင်တွေ့နေရပါတယ်။ နိုင်ငံအနှံ့ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းမှသည် အနောက်ဘက်နဲ့ တောင်ပိုင်းဒေသတွေအထိ စစ်မျက်နှာပြင်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ အလယ်ပိုင်း ဒေသမှာတော့ လက်နက်အင်အား မပြည့်စုံသေးသည့်ကြားမှပင် စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် ခြိမ်းခြောက်ထားနိုင်နေပြီ ဖြစ်ပါတယ်။ 

ပန်းမဝင်ခင် တက်မ မထောင်ဖို့ အရေးကြီးသော်လည်း ကျွန်တော်တို့ တိုင်းရင်းသား အားလုံးရဲ့ စိတ်ဓါတ်၊ စွမ်းရည်သတ္တိနဲ့ စည်းလုံးမှုကို ချီးကျူးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီ မျှော်လင့်စောင့်စားနေတဲ့ တော်လှန်ရေး မဟာမိတ်များ ပြိုကွဲရေး ဆိုတဲ့ကိစ္စက ဖြစ်မလာတဲ့အပြင် ပိုမိုစုစည်းလာနေကြောင်း ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးများက ခိုင်မာတဲ့ သက်သေများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်းလုံး ပြည်သူများ ရရာလက်နက်စွဲကိုင် တော်လှန်ပြီး အကြမ်းဖက်စစ်ကောင်စီ နှိမ်နင်းရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်နေကြ တာဖြစ်လို့ အပြန်အလှန်ယုံကြည်လေးစားမှုက ပိုမိုခိုင်မာလာကာ ပူးပေါင်းစစ်ဆင်ရေးတွေ အားကောင်းလာတာပဲဖြစ်ပါတယ်။ 

နောက်ထပ်သတိထားရမယ့် အချက်ကတော့ စစ်ကောင်စီဟာ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ မျိုးချစ်စိတ်ဓါတ်ကို အစွန်းရောက်အောင် အသုံးချပြီး ၎င်းတို့တပ် တည်မြဲရေး အတွက် ကြိုးပမ်းနေတာ အားလုံး အသိဖြစ်ပါတယ်။ ဒါကိုလည်း အထူးသတိထားဖို့ လိုသလို စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ စစ်ရှုံးလာတဲ့အခါ နိမ့်ကျတဲ့ နည်းပရိယာယ်မျိုးစုံနဲ့ ပြည်သူ ကို လှည့်စားလေ့ရှိတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ ခေါင်းစဉ်ပြောင်း၊ နေရာပြောင်းပြီး ပြည်သူကို တွေတွေဝေဝေ ဖြစ်လေမလားဆိုတဲ့ အတွေးနဲ့ စီမံဆောင်ရွက်ဖို့ ကြံစည်နေတာကို လည်း ပြည်သူတွေ ကောင်းစွာ သတိထားမိမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေ ရှေးရှုထားတဲ့ တော်လှန်ရေးပန်းတိုင်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးဖြစ်တာမို့ ဘယ် လိုပင် ပြည်သူကို လှည့်ဖျားဖို့ ကြံစည်ပါစေ ပြည်သူတွေအနေနဲ့ အာရုံပြောင်းသွားမှာ မဟုတ်ဘူးဆိုတာကိုလည်း အကြမ်းဖက် စစ်ကောင်စီကို သိစေချင်ပါတယ်။ 

စစ်ကောင်စီမှ ထိပ်ပိုင်း၊ အလယ်အလတ်နဲ့ အောက်ခြေစစ်သည်များလည်း မိမိတို့ “ဘာကြောင့်စစ်တိုက်နေရသလဲ” ဆိုတာ ပြန်လည်သုံးသပ်စေချင်ပါတယ်။ အခုတိုက်နေကြ ရတဲ့ စစ်ပွဲတွေဟာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်တိုက်နေကြရတဲ့ စစ်ပွဲတွေမို့ တိုင်းပြည်ကို ရန်သူ့ရန်မှ ကာကွယ်ဖို့ မဟုတ်တာကိုတော့ အားလုံး နားလည်ပြီး ဖြစ်မယ် ထင်ပါတယ်။ 

ကျွန်တော်တို့ ပြည်သူတွေဟာ တူမီးကိုင်ပြီး တော်လှန်ခဲ့ကြချိန်ကတည်းက နှစ်ပေါင်း များစွာ တိုင်းပြည်ဘဏ္ဍာနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ရဲ့ အကြီးမားဆုံး institution ကြီး တစ်ခုဖြစ်တဲ့ စစ်တပ်ကို ပြင်းထန်တဲ့စိတ်ဓါတ်တွေနဲ့ ရင်ဆိုင်ခဲ့ကြတာပါ။ နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့ကြရတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအားလုံးနဲ့ အင်တိုက်အားတိုက် ပူးပေါင်းတိုက်ပွဲဝင်နိုင်မယ်ဆိုတာကိုလည်း ယုံကြည်စွာနဲ့ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ လက်နက်အားကိုး အနိုင်ကျင့်လို့ရမယ်လို့ ယုံကြည်နေကြတဲ့ စစ်ကောင်စီကတော့ သူတို့ မှားယွင်းစွာ ယုံကြည်မှုအတွက် အခုချိန်မှာ ပေးဆပ်နေကြရတာဖြစ်ပါတယ်။ 

ဒါကြောင့် အကြမ်းဖက်စစ်တပ်အတွင်းမှာ ရာထူးကြီးငယ်မရွေး စစ်သည်တွေကို ပြောကြားလိုတာကတော့ အချိန်မီ အမြင်မှန်ရရမယ့် အချိန်ဖြစ်နေပါပြီ။ သမိုင်းဝင် အမည်း စက်ကျန်ခဲ့မယ့် အခြေအနေကနေ ရုန်းထွက်ကြဖို့ကို ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ 

အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ ပြုန်းတီးလာတဲ့ သူတို့ရဲ့ အင်အားတွေအတွက် ပြည်သူလူထုကို အတင်းအဓမ္မနည်းလမ်းတွေနဲ့ အကြမ်းဖက်စစ်တပ်ထဲ သွတ်သွင်းပြီး ပြည်သူအချင်းချင်း သတ်ဖြတ်စေဖို့ လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါဟာ အင်မတန် နိမ့်ကျပြီး စစ်ကျွန်ပြုတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့နေထိုင်ရာ ဒေသအသီးသီးမှာ စစ်ကောင်စီထိန်းချုပ်ပြီး စစ်ကျွန်ပြုခြင်း မခံရလေအောင် တော်လှန်ရေးကို အလျင်အမြန် အောင်နိုင်စေဖို့ ကျွန်တော်တို့ အားစိုက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှ လွှဲရှော င်လို့ မရတဲ့ အခြေအနေမျိုးမှာဆိုရင်လည်း ရောက်ရှိနေတဲ့ အခြေအနေကနေ ပြည်သူ့ တော်လှန်ရေးအတွက် ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားကြဖို့ လည်း တိုက်တွန်းလိုပါတယ်။