အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် ဇွန် (၁၁) ရက်

• ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အလေးအနက်ထား ပြောကြားချင်တာကတော့ လက်ရှိ ကျွန်တော်တို့ အားလုံးဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေး အတွင်းမှာ “မဟာမိတ်စုဖွဲ့မှုရဲ့ အခန်းကဏ္ဍ” အကြောင်းကို အထူးပြု ပြောကြားချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ဟာ မဟာမိတ်ဆိုတဲ့ သဘောတရားနဲ့ မိတ်ဖက်ဆိုတဲ့ သဘောတရားကို သေချာ သဘောပေါက် နားလည်ထားဖို့ လိုတယ်လို့ ယူဆပါတယ်။ 

• နွေဦးတော်လှန်ရေးအတွင်းက တော်လှန်ရေးအင်အားစုတွေ အချင်းချင်းစုဖွဲ့မှုဟာ “တူတာတွေကို ပေါင်းလုပ်၊ မတူတာတွေကို ခွဲလုပ်” ဆိုတဲ့ မိတ်ဖက်အဆင့်ထက် ကျော်လွန်နိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ မိတ်ဖက်အဆင့်ထက် ကျော်လွန်တဲ့ မဟာမိတ် အဆင့်အတန်းအထိ/ ခိုင်မာကျစ်လစ်အောင် တည်ဆောက်ကြဖို့ အထူးလိုအပ်ပါတယ်။ 

• မဟာမိတ်စုဖွဲ့မှုဆိုတာဟာ ယုံကြည်မှုအရလည်း ပဋိညာဉ် ခိုင်ခိုင်မာမာ ရှိသလို၊ ပေါင်းစည်း လုပ်ဆောင်မှုမှာလည်း အလွှာလိုက် ကျစ်လစ်စွာ စုပေါင်းလုပ်ဆောင်တဲ့ သဘောတွေ ရှိပါတယ်။ ဒါ့အပြင် ဆက်ဆံရေးသဘောမှာလည်း အပေါ်ယံသဘောမျိုး မဟုတ်ဘဲနဲ့ နက်ရှိုင်းစွာ / ကျယ်ပြန့်စွာ ချိတ်ဆက်ထားတဲ့ ဆက်ဆံရေးဖြစ်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ တည်ဆဲတော်လှန်ရေး အရှိန်အဟုန်ကို လက်တွေ့ကျကျ မြှင့်တင်နိုင်ဖို့ အတွက် “မဟာမိတ်စုဖွဲ့မှု” ကို ခိုင်မာကျစ်လစ်အောင် ဆက်လက်တည်ဆောက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ 

• မဟာမိတ်စုဖွဲ့မှုမှာ အရေးအကြီးဆုံးက ယုံကြည်မှုဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့မှုကို ပိုပြီး ခိုင်မာကျစ်လစ်စွာ တည်ဆောက်နိုင်ဖို့ အတွက် အလုပ်နဲ့သက်သေပြပြီး ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးပါတယ်။ မဟာမိတ်စုဖွဲ့မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ သတိထားချည်းကပ်ရမယ့် ကိစ္စ တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းအလိုက် နောက်ကွယ်ကနေ မမြင်နိုင်တဲ့ hidden agenda တချို့ ဖြစ်ပါတယ်။ 

• နိုင်ငံရေးရဲ့ သဘော ၊ သဘာဝအရ အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ကိုယ်စီကိုယ်စီ ဆွဲကိုင်ထားတဲ့ ဆွဲကိုင်ချက်တွေ ရှိစမြဲဖြစ်တာ တွေ့ရပါတယ်။ ဒါတွေဟာ သက်ဆိုင်ရာ လူမျိုးစုအလိုက် မတူညီတဲ့ ပန်းတိုင်တွေ၊ မတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ရှိထားတယ်ဆိုတာလည်း ကျွန်တော်တို့ အားလုံး သတိချပ်ဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ကျွန်တော်တို့ အားလုံးမှာ ဘုံအားဖြင့် တူညီတဲ့အချက်ကတော့ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေး” ကိစ္စပဲ ဖြစ်ပါတယ်။ 

• ဒါ့ကြောင့် ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံသဘောတူညီချက်တွေကို လက်တွေ့ကျကျ ရယူနိုင်ဖို့လည်း အထူးလိုအပ်ပါတယ်။  အဲဒါဟာ ဘာ့ကြောင့် အရေးတကြီး လိုအပ်နေတာလဲ ဆိုရင်၊ ကျွန်တော်တို့ဟာ ယခုတည်ဆဲရရှိထားတဲ့ အောင်ပွဲထက် ကျော်လွန်တဲ့ တော်လှန်ရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ပဲ ဖြစ်ပါတယ်။ 

• ကျွန်တော်တို့ဟာ “ပန်းတိုင်ကို မြင်နေရပြီလို့ ပြောနိုင်ပေမယ့်၊ ပန်းတိုင်ကို မရောက်သေးဘူး” ဆိုတာ သတိချပ်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် ယခုထက် ပိုလွန် အာမခံချက်ရှိတဲ့ အောင်ပွဲတွေကို ရရှိနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ မဟာမိတ်စုဖွဲ့မှုမှာ အကျယ်ပြန့်နိုင်ဆုံးနဲ့ အခိုင်မာဆုံး တိုးချဲ့မှ ဖြစ်မယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် “ပန်းမဝင်ခင် တက်မထောင်ဘဲ” လုပ်သင့်လုပ်ထိုက်တာတွေကို စနစ်တကျ အားထုတ်လုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။ 

အရေးတော်ပုံ မုချအောင်မြင်ရမည်။