အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၈/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၁၈/၂၀၂၄) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၄ ခုနှစ်၊  ဇွန်လ (၁၁) ရက်

ပထမဦးစွာ ဇွန်လ (၄) ရက်နေ့နဲ့ (၅) ရက်နေ့တွေမှာ ရခိုင်ပြည်နယ် တောင်ဘက်ပိုင်း သံတွဲမြို့မှာရှိတဲ့ ဆင်ခေါင်းကျေးရွာကို စစ်အုပ်စုရဲ့ လေတပ်မှ ဗုံးကြဲတိုက်ခိုက်မှု၊ ကြည်းတပ်နဲ့ ရေတပ်တို့ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ယနေ့ထိဆိုရင် သေဆုံးသူရာနဲ့ချီပြီး ရှိနိုင်ကြောင်း ကြားသိရတဲ့အတွက် လွန်စွာမှ စိတ်မကောင်း ဖြစ်ရပါတယ်။ ပြီးခဲ့တဲ့ မေလ (၂၉) ရက်နေ့က ဗျိုင်းဖြူကျေးရွာဖြစ်စဥ်၊ မင်းကင်းမှာ‌ လေကြောင်းတိုက်ခိုက်မှုခံရတဲ့ ဖြစ်စဥ် တွေဆိုရင်လည်း တော်တော်လေး  အရုပ်ဆိုး အကျည်း တန်တဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုကတော့ ကျွန်‌တော် အမြဲပြောခဲ့သလိုပဲ သူတို့လုပ်နိုင်သမျှ အကြမ်းဖက် လုပ်ငန်းစဥ်တွေကို အဆုံးစွန်ဆက်လုပ်သွားကြမယ့် ကျင့်ဝတ်မရှိသူတွေမို့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဖက်က ပိုမို စုစုစည်းစည်းနဲ့ တုန့်ပြန်နိုင်ကြဖို့ လိုပါတယ်။ 

အခု ရက်ပိုင်းအတွင်းမှာဆိုရင်လည်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူလူထု ကြုံ တွေ့နေရသော အထွေထွေ စီးပွားရေးအကျပ်အတည်း၊ စိုးရိမ်ထိတ်လန့်မှုများနဲ့ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုများ၊ စစ်ရာဇဝတ်ကျူးလွန်မှု များကို ဖုံးကွယ်နိုင်ရန်အတွက် သတင်းသိပိုင်ခွင့် ကန့်သတ်ခြင်း၊ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ခြင်း၊ အင်တာနက်ပိတ်ဆို့ခြင်းနှင့် ဖြတ်တောက်ခြင်းများကို လက်နက်သဖွယ် အသုံးပြုလာနေတာကို အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက် ပြီးလည်း အစိုးရအနေနဲ့ ထုတ်ပြန်ကြေညာချက်တစ်ခုကို ဇွန်လ (၇) ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ်။ ဒါတွေကို ကြည့်မယ်ဆိုရင် သူတို့အနေနဲ့ ယနေ့အချိန်ထိ အသိတရားမရှိဘဲ နည်းလမ်း ပေါင်းစုံ ရှုထောင့်ပေါင်းစုံကနေ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နိုင်ဖို့အတွက် စဥ်ဆက်မပြတ် ကြိုးပမ်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ပြင်ဆင်ချိန် အချိန်များများ ထပ်ပေးလို့မရဘူးဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်နားလည်စွာနဲ့ ဒီနှစ်ကို ရုန်းကန်ကြရမှာ ဖြစ်ပါတယ်။ 

တစ်ဘက်က အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ကြရင်း တစ်ဘက်က အုပ်ချုပ်ရေး တည်ထောင်ဖို့ ကြိုးပမ်းရတာလည်း တကယ့်ကို မလွယ်ကူတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေက လည်း ရှိခဲ့တာကြောင့် ကျွန်တော်တို့ တော်လှန်ရေးဦးဆောင်အစိုးရတစ်ရပ်အနေနဲ့ ပိုမို အား ထုတ်ကြရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်မှု လုပ်ငန်းစဥ်တွေကလည်း ပြည်သူတွေအတွက် မလုပ်မဖြစ် လုပ်ကြရမယ့် အရေးကိစ္စတွေ ဖြစ် တာကြောင့် ဒီလုပ်ငန်းစဥ်တွေ လုပ်ရင်း ကြုံတွေ့လာရမယ့် အခက်အခဲတွေ၊ စိန်ခေါ်ချက် တွေကိုတော့ ဒီတော်လှန်‌ရေးအတွင်းမှာ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းအကောင်အထည်‌ ဖော်နိုင်ဖို့ လည်း လိုအပ်လာမှာပါ။                     

ဒီ၂၀၂၄ ခုနှစ်ဟာ ကျွန်တော်တို့အတွက် အတော်လေး အရေးကြီးပါတယ်။ ဒီကနေ့ ဒီအချိန်ထိ ၃ နှစ်ကျော် ကြိုးစားရုန်းကန်လာကြတာ အ‌ရွေ့တွေအများကြီးရှိခဲ့ပေမယ့် ဒီနှစ်ကတော့ ကြီးမားတဲ့အရွေ့ကို လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဦးစားပေးလုပ်ဆောင် ရမယ့် အရာတွေကို တွန်းတွန်းတိုက်တိုက် ကြိုးစားအားထုတ် ပေးကြဖို့ တိုက်တွန်းပြော ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။