အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၇ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်
၂၀၂၄ ခုနှစ် ဇွန် (၄) ရက်
• ဒီနေ့အစည်းအဝေးမှာ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံး တွန်းတွန်းတိုက်တိုက် ဆော်ဩဖို့ လိုနေတဲ့ကိစ္စတစ်ခုကို အလေးအနက်ထား ပြောချင်ပါတယ်။ အဲသည့်ကိစ္စကတော့ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်ကို ထပ်တူချပြီး လုပ်ဆောင်နေတဲ့ကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေ သိနားလည်အောင် တွန်းတွန်းတိုက်တိုက် အသိပေးကြဖို့ကိစ္စပဲ ဖြစ်ပါတယ်။
• အခုအခြေအနေမှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ်ကို ရောထွေးပြီး အရပ်သားပြည်သူလူထုတွေကို အလုံးအရင်းသတ်ဖြတ်နေတဲ့ ကိစ္စဟာ အင်မတန်မှ ရက်စက်ကြမ်းကြုတ် ယုတ်ညံ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အခုအခြေအနေဟာ စစ်ကောင်စီကို အသက်ရှုပေါက် ကျပ်စေရုံလောက်ပဲ တတ်နိုင်တဲ့ ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာလောက်နဲ့ တင်းတိမ်နေရမယ့် ကိစ္စမဟုတ်သလို၊ စွတ်စွဲပြစ်တင် ရှုံ့ချရုံလောက်နဲ့လည်း လုံလောက်တဲ့ကိစ္စ မဟုတ်တော့ပါဘူး။
• ကျွန်တော်တို့ ပြည်တွင်း တော်လှန်ရေးအင်အားစုအားလုံးက အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်နေချိန်မှာ၊ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း မြန်မာပြည်သူလူထုတွေဘက်ကနေ ပြတ်ပြတ်သားသား ရပ်ခံကြဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း ပြည်သူနဲ့အတူ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို အကျယ်ပြန့်နိုင်ဆုံးအထိ မြှင့်တင်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကိုလည်း အထူးလိုအပ်နေပါတယ်။
• အထူးသဖြင့် ဒီရက်ပိုင်းအတွင်းမှာ ရက္ခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွေမှာ အရပ်သား ပြည်သူလူထုကို စစ်ကောင်စီရဲ့ လက်အောက်ခံတပ်တွေက အစုလိုက်အပြုံလိုက် ရက်စက်စွာ သတ်ဖြတ်နေမှုတွေနှင့် အရပ်သားတွေကို လေကြောင်းမှ နေ့စဥ်ဗုံးကြဲ သတ်ဖြတ်နေမှုတွေဟာ အင်မတန်မှ ယုတ်ညံ့လွန်းပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်မှ ရခိုင်ပြည်နယ်၊ ဗျိုင်းဖြူရွာရှိ ဒေသခံရွာသား (၅၁) ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့တာကို စိတ်မကောင်းစွာ ထပ်မံ မြင်တွေ့ရပါတယ်။
• အကြမ်းဖက်စစ်တပ်ရဲ့ နှိပ်စက်မှုမျိုးစုံကို ကျွန်တော်တို့ဟာ ပြည်သူတွေဘက်ကနေ အစွမ်းကုန် ခုခံကာကွယ်နေသလို၊ နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့ လုပ်ဆောင်ချက်တွေ အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
• ကျွန်တော်တို့ အားလုံးဟာ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့အခါ လူသားဆန်စွာနဲ့ စစ်ရေးကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ရှေ့တိုး လုပ်ဆောင်နေတာ ဖြစ်ပေမယ့် စစ်ကောင်စီကတော့ စစ်ရေးကျင့်ဝတ်ဆိုတာကို စာရင်းထဲမှာတောင် ထည့်မထားပါဘူး။ ဒါတွေကို နားလည်သဘောပေါက်ပြီး ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအချင်းချင်း ရိုင်းပင်းပူးပေါင်းမှုကို ဆက်လက်မြှင့်တင်ဖို့လိုသလို၊ ပြည်ပနိုင်ငံတွေရဲ့ အထောက်အပံ့ အကူအညီတွေကိုလည်း ကြိုးစားရယူဖို့ ဝိုင်းဝန်းကြိုးစား အားထုတ်နေရမှာ ဖြစ်ပါတယ်။
• ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် ဖြစ်အောင် ကူညီလုပ်ဆောင်နေမယ်လို့ မျှော်လင့်ရပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေးကိစ္စရပ်တွေဟာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီး လက်တွေ့ကျကျ ဖြစ်စေဖို့လည်း ကျွန်တော်တို့က အလေးအနက်ထားတိုက်တွန်းဖို့ လိုပါတယ်။
• ပြည်သူလူထုကို ကာကွယ်တဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူ့ဘက်တော်သား အင်အားစုအားလုံးဟာ “မိမိကိုယ်ကို အားကိုးရေးမူ” ကို ကိုင်စွဲရမှာ ဖြစ်သလို၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လူသားချင်းစာနာထောက်ထားမှု စိတ်အခံကို နှိုးကြွစေအောင် သိုင်းဝိုင်းထားမှသာ ပြည်သူလူထုဟာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းဘေးက သက်သာရာရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
အရေးတော်ပုံမုချအောင်ရမည်....